မေလ ၂၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတား ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ဂိတ်များ၌ ဖြတ်သန်းသွားလာသည့် လူများထံမှ ငွေကြေးအဆမတန် တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ဖြတ်သန်းသွားလာနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ချစ်ကြည်ရေး တံတား၏ မြန်မာပြည်ဘက်ခြမ်း ဂိတ်ရှိ ရဲဝန်ထမ်းများနှင့် (လူဝင်မှုကြီးကြပ်ရေး-လဝက)တာဝန်ရှိ သူများက ထိုင်းနိုင်ငံ မဲဆောက်သို့ သွားလာမည့် ခရီးသည်များထံမှ နိုင်ငံသား စိစစ်ရေးကဒ် (မှတ်ပုံတင်) သိမ်း ထားခြင်းနှင့် ရဲကြေးဟုဆိုကာ ပုံစံမျိုးစုံ အကြောင်းပြချက် မျိုးစုံဖြင့် ငွေကြေး အဆမတန်တောင်းခံမှုများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။
“မှတ်ပုံတင် မထားခဲ့ချင်လို့ရှိရင် တစ်သောင်းပေးရတယ်။ အခု တစ်သောင်းနဲ့ပြန်ရွေးလို့ရတယ်ဆိုတာက ပွဲစား တွေကလုပ်နေတာ။ ရဲတွေကိုလည်းပေးရတယ်။ လဝကကိုလည်းပေးရတယ်။ ပွဲစားတွေက ရဲတွေကို ငွေရှာ ပေးနေတာပေါ့။ ပြီးတော့ ရဲကြေးဆိုပြီး ၁ သောင်းပေးရတယ်။ သူတို့လိုအပ်ချက်တွေ မပြည့်စုံရင် အနည်း ဆုံးတော့ ၅ သောင်း လောက်တော့ကုန်တယ်။ ထိုင်းဘက်ခြမ်းကတော့ ၂၀ တန်တုံးထုမယ်။ QR ကုတ်တွေ၊ Screen တွေဖတ်မယ်၊ အရင်ကလိုပဲ ပုံမှန်အတိုင်းပဲ သွားရတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အမှတ်(၁)ချစ်ကြည်ရေးတံတားကို ဖြတ်သန်းသွားလာသည့် မြန်မာနိုင်ငံသားများကို မြန်မာပြည်ဘက်ခြမ်းတွင် တစ်ပတ်စာယာယီစာရွက်စာတမ်းကို ယခင်လိုပုံမှန်ပြန်ထုတ်ပေးသော်လည်း ယခင်ပုံစံအတိုင်း ထုတ်ပေးခြင်း မဟုတ်ဘဲမှတ်ပုံတင်ကို သိမ်းယူထားပြီး ပြန်လာသူများကိုသာ ထုတ်ပေးကြောင်း၊ မှတ်ပုံတင် အသိမ်းမခံချင် ပါက မြန်မာငွေကျပ်တစ်သောင်းပေးဆောင်ရမည်ဖြစ်ပြီး အခြားသောခေါင်းစဉ်အမျိုးမျိုးတပ်၍လည်း ငွေကြေး တောင်းခံနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။
မြန်မာဘက်ခြမ်းရှိ ဂိတ်များတွင် ရဲဝန်ထမ်းများနှင့် (လဝက)တာဝန်ရှိသူများ၏ မှတ်ပုံတင်တောင်းသိမ်းခံရပြီး ငွေပေး၍ရွေးခဲ့ရသည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက “သူတို့မှတ်ပုံတင်ယူထားလိုက်တယ်။ ပြီးတော့ မှတ်ပုံတင်ပြန်ယူချင်ရင် တစ်သောင်းတောင်းတယ်။ ပိုက်ဆံပေးမှ ပြန်ရမယ်တဲ့။ တကယ်လို့မပေးရင် သိမ်းထား မယ်လို့ပြောတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ ငွေကြေးအဆမတန်ကောက်ခံရသည့် အကြောင်းပြချက်များထဲတွင် မဲဆောက်သို့ သွားရောက် သူများ အနေဖြင့် ပြန်လာခြင်းမပြုကြသောကြောင့် မှတ်ပုံတင်ကို သိမ်းရခြင်းဖြစ်ကြောင်း အကြောင်းပြချက် ပေးသော် လည်း ယခုလို ငွေကြေးအဆမတန် ကောက်ခံမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းသို့ ဆေးသွား ရောက်ကုသမည့် အခြေခံလူတန်းစား လူနာများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အဆိုပါ အထက်ပါ ယာဉ်မောင်းက ပြောသည်။
၎င်းက “တစ်ချို့လူက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားဆေးခန်းမှာ ဆေးလာကုကြတယ်ဆိုရင် မြန်မာ ပြည်ထဲမှာပဲ ၅ သောင်းလောက်ကုန်နေပြီး။ ဆေးလာကုဖို့ ပိုက်ဆံမရှိတဲ့ကြားကနေ တံတားထိပ်မှာတင် ၅ သောင်းလောက် ပြတ်နေပြီးဆိုတော့ တော်ရုံတန်ရုံလူမျိုးဆို ဆေးခန်းမရောက်ဘဲနဲ့ တံတားထိပ်မှာတင် သေသွား နိုင်တယ်”ဟု ဖြည့်စွက် ပြောဆိုသည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကို ကိုဗစ် ၁၉ ကူးစက်ရောဂါကာလ ၂၀၂၀ ခုနှစ်အတွင်းက ဖြတ်သန်းသွားလာခွင့် ပိတ်ထားရာမှ ၃နှစ်အကြာ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ နေ့ရက်တွင် ပြန်လည်ဖွင့်လှစ်၍ သွားလာခွင့် ပြုခြင်းဖြစ်သည်။



















