Home သတင်း ကော့ကရိတ်မြို့နယ်တွင် အင်ဥများကို စျေးပြိုင်ဝယ်ယူသူများ၍ စျေးကောင်းရနေ

ကော့ကရိတ်မြို့နယ်တွင် အင်ဥများကို စျေးပြိုင်ဝယ်ယူသူများ၍ စျေးကောင်းရနေ

526

မေလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အင်ဥများ စတင်ပေါ်သည့်အချိန်တွင် စျေးပြိုင်ဝယ်ယူသူများကြသည့်အတွက် ယခုနှစ်တွင် အင်ဥများစျေးကောင်းရရှိနေကြသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရ သည်။

အင်ဥစတင်ပေါ်သည့်အချိန်တွင် တစ်ဗူးလျှင် ၁,၅၀၀ ကျပ်ရှိရာမှ စျေးပြိုင်ဝယ်သူများလာသည့်အတွက် ယခု တစ်ဗူးကို ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်အထိစျေးနှုန်းရှိလာသည်ဟု ကော့ကရိတ်ဒေသခံတချို့က ပြောသည်။

အင်ဥရှာဖွေရောင်းသည့် ဒေသခံတစ်ဦးက “ ရောင်းလို့ တော်တော်ကောင်းတယ် အင်ဥက။ မိုးသိပ်မရွာလို့မရှိတာ။ အင်ဥများများရရင်တော့ ရွာသားတွေ ဆား၊ ငါးပိဖိုးရတာပေါ့ ။ အခုက ဘာမှရှာစားလို့မတတ်ဘူး။ အင်ဥထွက်တဲ့အချိန် ဆား၊ ငါးပိဖိုးရသွားတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အင်ဥစျေးကောင်းရနေသောကြောင့် တောထဲတွင် အင်ဥသွားရောက်ရှာဖွေသူလည်းများလာကာ အင်ဥရရှိမှုနည်းလာပြီး ရှာရခက်ခဲလာသည်ဟုလည်း အင်ဥရှာနေသည့် တခြားရွာသားတစ်ဦးကလည်း ပြောသည်။

၎င်းက“ အင်ဥက သူပေါ်တဲ့အချိန်မှကျတာ၊ အခုအင်ဥစျေးကောင်းရနေတော့ လိုက်ရှာတဲ့ သူက လည်းများတယ်။ တော်တော်ရှာစားရတယ်။ သွားရှာလို့ရတဲ့အခါရတယ်။ မရတဲ့အခါတွေ လည်းရှိတယ်”ဟု ပြောသည်။

ကော့ကရိတ်မြို့နယ်ထဲရှိ ဒေသခံအများစုသည် တိုက်ပွဲဒဏ်ကြောင့် စစ်ရှောင်နေရကာ စားဝတ်နေ ရေးခက်ခဲပြီး ငွေကြေးအကြပ်အတည်းရင်ဆိုင်နေရသောကြောင့် သဘာဝသီးနှံထွက်သည့်အချိန်တွင် ယခုလို စျေးကောင်းရရှိသည့်အတွက် လက်လုပ်လက်စားပြည်သူများအတွက် မီးဖိုချောင်သုံးစာရိတ် အနည်းငယ် အဆင်ပြေနေကြောင်း ဒေသခံက ဆိုသည်။

အင်ဥထွက်သည့်အချိန်သည် မြန်မာလဖြစ်သည့် ကဆုန်လ (မေလ)မိုးဦးစအချိန်တွင် စတင်ထွက်ရှိပြီး အင်ပင်ရှိသည့် နေရာများတွင်သာ အင်ဥထွက်ကာ တစ်ကြိမ်ထွက်လျှင် ၁၅ ရက်ခန့်သာ ကြာခံသည်ဟု အင်ဥရှာသည့်သူများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအချို့သည် ရာသီအလိုက် သဘာဝတောထွက် သီးနှံများဖြစ်သည့် အင်ဥအပြင် ပုရစ်၊ မျှစ်၊ ဒညင်းသီး၊ ကဒက်၊ ဝဥနှင့် တောထွက် တို့စရာများကို ရှာဖွေရောင်းချကာ မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရရှိလျက်ရှိသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ဒေသအတွင်း တိုက်ပွဲပြင်းထန်လာသည့်အတွက် အဆိုပါ လက်လုပ်လက်စား ဒေသခံလူထုများသည် သွားလာလုပ်ကိုင်၍ အဆင်မပြေတော့သည့်အတွက် စားဝတ်နေရေးပိုမိုခက်ခဲသွားကြောင်း သိရသည်။