မေလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်များက သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာ များအတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်နေကြောင်း ကော့ကရိတ်မြို့ ဒေသခံ များကပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က တပ်စခန်းများ ပစ်ခတ်ခံရပြီးနောက် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ အမြှောက်တပ်နှင့် အခြားတပ်စွဲထားသည့်နေရာများမှ လက်နက်ကြီး အချက်ရေအမြောက်အများကို ယမန်နေ့ ညနေအထိ ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံရွာသားတစ်ဦးက ယခုလိုပြောသည်
” နေရာစုံ ကနေပစ်တယ်။ လှိုင်ဝကုန်းကနေလည်းပစ်တယ်။ ၉၇ ကနေလည်းပစ်တယ်။ တောင်စွန်တံတားကနေလည်းပစ်တယ်။ ခါတိုင်းလည်း မနက်တစ်ခါ ညတစ်ခါတော့ အမြဲပစ်တယ်။ အခုသူများ တစ်ချက်နှစ်ချက်သွားပစ်တော့ အဆက် မပြတ်ပြန်ပစ်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကမိုင်ကုန်း ကျေးရွာအတွင်း ကျ ရောက် ပေါက်ကွဲမှုများရှိခဲ့ပြီး ကမိုင်ကုန်းဒေသခံအသက် (၃၁) နှစ်အရွယ် ကျော်မင်းထွန်း နှင့် အသက် (၆၂) နှစ်အရွယ် အတောင်းတို့ ခမည်းခမက် နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကမိုင်ကုန်း ဒေသခံများ ထံမှ သိရသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားလေ့ရှိသော ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွားများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး နေ့စဉ်လိုလိုပစ်ခတ်မှုများ ပြုလုပ်နေ သောကြောင့် ကော့ကရိတ်မြို့အနီးရှိကျေးရွား ဒေသခံ များအနေဖြင့် လယ်စိုက်ရာ သီရောက်ပြီးဖြစ်သော်လည်း လယ်ထွန်စိုက်ပျိုးချင်းကို ပြန်မလုပ်နိုင်ကြသလို အချို့ ဒေသခံများသည် ဘေးလွတ်ရာ အခြားကျေးရွာများသို့ တိမ်းရှောင်ရင်း လယ်လုပ်နေကြ ရကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “တောင်ကြား၊ နို့လား၊ တနင်မူး၊ ရေလယ်မြိုင်၊ ရန်ကုတ် စတဲ့ ကျေးရွာတစ်လျှောက်တော့ လယ်လုပ်လို့မရဲတော့ဘူး။ အခုလယ်ထွန်ရတော့မယ်။ ရွာပြန်လာနေမရဲသေးဘူ။ တစ်ချို့ကလည်း မြပတိုင်ဘက်မှာ လယ်ပြန်လုပ်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုများအပြင် လမ်းများ ကို ဖြတ်တောက်၊ ဖျက်ဆီးခြင်းများလည်း ပြုလုပ်လာပြီး စစ်ဘေးရှောင်နေရဆဲ ဒေသခံများအနေဖြင့် မိမိနေရပ်မပြန်လာနိုင်သေးသလို မြို့ခံပြည်သူအချို့လည်း ဖမ်းဆီး ခံရမှုများရှိနေကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။