ဧပြီလ ၁၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိရပ်ကွက်များတွင် သင်္ကြန်ကာလနီးလာသည်နှင့်အမျှ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ညအချိန် ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြီးခဲ့သည့်လက ရှောင်တခင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှု များကို ရပ်နားထားခဲ့သော်လည်း ယခုဧပြီလအတွင်း သင်္ကြန်ကာလနီးလာသည်နှင့်အမျှ ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများကို ပြန်လည်လုပ်ဆောင်လာကြောင်း မြို့နေဒေသခံများပြော စကားအရ သိရသည်။
မြို့ခံတစ်ဦးက “အခုလို ရှောင်တခင်ဝင်မစစ်တာ တော့နည်းနည်း တော့ကြာပြီ။ မြို့ပေါ်မှာဆို ကင်းပုန်း ချတာလောက်ပဲတွေ့ရတာကို။ အခုသင်္ကြန်ကာလနီးမှ ဝင်ဝင်စစ်နေတာ။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ဧပြီလ(၉) ရက်နေ့က ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲကင်းစခန်း၊ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် စော်ဖျားစစ်ဆေးရေးဂိတ်များကို နယ်မြေခံတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ နှင့် ကော်သူးလေတပ်မတော် (KTLA)တို့မှ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယခုလို မြို့ပေါ်ရှိရပ်ကွက်များတွင် လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ နှင့်နီးစပ်သည့် ဒေသခံများ ပြောစကားအရ သိရသည်။
ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က ပကာရီနဲ့ထားဝယ်ထီးခီးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်တယ်လေ။ အဲ့ဒါ ကြောင့် သူတို့က ကြောက်ပြီးတော့ အခုလိုသူတို့မသင်္ကာတဲ့အိမ်တွေကိုဝင်ပြီး လိုက်စစ်နေတာ။ သူတို့ စစ်ရင် အိမ်ပေါ်က လူတွေအကုန်ဆင်းခိုင်းတယ်။ တစ်အိမ်လုံးကိုလိုက်မွှေတယ်။ ပြီးတော့မိသားစု ဘယ်နှစ်ယောက်ရှိလည်း လိုက်မေးတာ။ ပြီးတော့ ဒီမှာက သင်္ကြန်နားနီးရင် ဗုံးပေါက်မယ် ဆိုတဲ့သတင်းတွေလည်း ပျံနေတယ်လေ။”ဟု ကေအိုင်စီသို့ပြောသည်။၏
ထိုသို့ ဧည့်စာရင်းများ စစ်ရာတွင်လည်း အိမ်တိုင်းကို စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့မသင်္ကာသည့်အိမ်များကိုသာ အဓိကထား လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်းလည်း အမည်မဖော်လိုသူ နောက်ထပ် မြို့ခံတစ်ဦးကပြောသည်။
ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့်လများက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဧည့်စာရင်း စစ်ဆေးတာမျိုးမရှိတော့ဘဲ ညအချိန်ကင်းလှည့်လည်စစ်ဆေးခြင်းမျိုးကိုသာ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ ပြောစကား အရ သိရသည်။
ထားဝယ်ခရိုင်အတွင်း မြို့နယ်လေးခုတွင် လာမည့်အတာသင်္ကြန်ပွဲတော်အတွက် သင်္ကြန်မဏ္ဍပ် ကြီး ၄ ခုကိုတည်ဆောက်ထားပြီး စစ်ကောင်စီတပ်များက လုံခြုံရေး တင်းကြပ်စွာချထားကြောင်း ဒေသတွင်းသတင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။



















