Home သတင်း ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရနေ

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရနေ

830
Photo: CJ

ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိနေကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။

ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်၏ ယနေ့ဧပြီ ၆ရက်နေ့ နံနက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကော့ကရိတ်-မြဝတီလမ်းဟောင်းဘက်ရှိ ခနိမ်းမူကျေးရွာနေအမျိုးသမီးတစ်ဦးနှင့် အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးတို့ကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများထံမှ သိရှိရသည်။

အလားတူ ယနေ့နေ့လည်တွင် အဆိုပါ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အံကလော် ကျေးရွာ ဘုန်းကြီးကျောင်း‌ခေါင်မိုးပေါ်တွင် ကျရောက်ပေါက်ကွဲကာ ဘုန်းကြီးကျာင်းတွင် သွားရောက်ခိုလှုံသူ ရွာသားနှစ်ဦးလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ယနေ့ နံနက်စောစောတွင်လည်း ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်ရှိ စစ်ကောင်စီ၏ အမှတ် ၃ ဂိတ်အနီးတွင် အမျိုးသမီးတစ်ဦးပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟုကော့ကရိတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“ဒီနေ့ မနက်၅နာရီခွဲဝန်းကျင်မှာ ကော့ကရိတ်မြို့အမှတ် ၃ ဂိတ်မှာ ပစ်ခတ်သံကြားတော့ ကျနော်တို့ ဆီဖုန်းဝင်လာတယ်။ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရတယ်ဆိုတော့ ကျနော်တို့သွားပြီးပို့ ဆောင်တာရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် ကော့ကရိတ်-ကျုံဒိုး-မြဝတီ‌ဒေသတစ်လျှောက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားသည့်နောက်ပိုင်း ကော့ကရိတ်မြို့ပြင် ကျေးရွာများဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ်‌ဆောင်လာခဲ့သည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် နယ်ခြားစာင့်တပ် (BGF)တို့ ပူးပေါင်း၍ ကော့ကရိတ်မြို့မြောက်ပိုင်း ကြောင်လျှာကုန်းကျေးရွာရှိ အရပ်သားနေအိမ် ၂၃ လုံး၊ အခြား အဆောက် အဦးနှင့် လယ်ယာသုံးပစ္စည်းများကို ဝင်ရောက်မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သေးသည်ဟု ရွာသားများက ပြောသည်။