ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ကာစီနို တရုတ်မြို့သစ် စီမံကိန်းအနီး တော်လှန်ရေး ပူးပေါင်း တပ်နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်တို့ ယနေ့ ဧပြီလ ၆ရက်နေ့အထိ တိုက်ပွဲ ဆက် ဖြစ်နေပြီး လက်ရှိတွင် ဒေသခံ ၃,၀၀၀(သုံးထောင်)ကျော်ခန့် ထိုင်းနိုင်ငံဘက်အခြမ်းသို့ စစ်ဘေးရှောင် ယာယီနေထိုင်နေကြရကြောင်း သိရှိရသည်။
စစ်ဘေးရှောင်ကူညီနေသူက “သက္ကာယ၊ ကျောက်ဖျာ၊ သဲပုံ၊ ထီးကော်ထော၊ ရွှေကုက္ကိုလ်ရပ်ကွက် ၁ နေထိုင်ကြတဲ့ မနေ့က နှစ်ထောင်ကျော် အခုဒီမနက်အထိက ပစ်နေတုန်းဆိုတော့ အခုချိန်အထိ ကူးလာ နေကြတုန်းပဲ၊ မြန်မာဘက်ကိုတော့ ထိုင်းစစ်တပ်က ပြန်ကူးခွင့်မပေးသေးဘူး။ လူ ၃ထောင် ကျော်လောက်ဖြစ်လာနေပြီ”ဟု ကေအိုင်စီ ပြောသည်။
အဆိုပါ တိမ်းရှောင်လာသည့် ဒေသခံပြည်သူများကို နွားခြံ၊ ရာဘာခြံနေရာများတွင် ထားရှိကာ ထိုင်း စစ်တပ်က လုံခြုံရေးယူထားပြီး လိုအပ်သည့် အကူအညီများကို ထိုင်းအရပ်ဖက်အဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက လုပ်ဆောင်ပေးလျက်ရှိသည်ဟု အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။
“ထိုင်းနယ်စပ်ပတ်ကားလမ်းအပြင်က ထိုင်းရွာတွေဘက်ကိုတော့ ပေးမ၀င်ဘူး၊ သွပ်ဆူးကြိုးတွေ တားထားတယ်။ မြန်မာစစ်ရှောင်ကူတဲ့အဖွဲ့တွေလည်း စစ်ရှောင်တွေဆီ ပေးမ၀င်ဘူး။ လှူချင်တာကို ထိုင်းအရပ်ဖက်နဲ့ အုပ်ချုပ်ရေးဘက်ကလူတွေ တစ်ဆင့်လက်ခံယူပြီး ပြန်ဝေပေးနေတယ်။”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် BGF တပ်ဖွဲ့များ စစ်အင်အားဖြည့် တင်းမှုများလုပ်နေပြီး တိုက်ပွဲများ ဆက်ဖြစ်နိုင်ခြေရှိနေ သောကြောင့် ယနေ့နေ့လည်ပိုင်း တိုက်ပွဲငြိမ်နေချိန်များတွင် ဒေသခံများက မြန်မာနိုင်ငံဘက်အခြမ်းမှ ထိုင်းနိုင်ငံဝှေးကလုတ်ကျေးရွာအပိုင် သောင်ရင်းမြစ်ဘေး နွားမွေးမြူရေးခြံများနှင့် ရာဘာခြံများဘက်သို့ ဆက်လက်တိမ်းရှောင်လာနေဆဲဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲက ဆက်ဖြစ်နိုင်နေတဲ့ အခြေအနေရှိနေတယ်။ စစ်တပ် စစ်ကူတွေ ရွှေကုက္ကိုလ်က ကာစီနို၀င်း တွေထဲမှာ ရောက်နေတယ်။ BGF ကလည်း သူတပ်ဖွဲ့တွေ ရွှေကုက္ကိုလ်ကို အကုန်ပြန်စုနေတယ်။ သူရွှေ ကုက္ကိုလ်ရပ်ကွက်သားတွေကိုတော့ စစ်ဘေးရှောင်တာ ဆက်မလုပ်ခိုင်းဘူး။ အိမ်ထဲမှာနေ အပြင် မထွက် နဲ့၊ တရုတ်တွေလည်းတိုက်တွေထဲကနေအပြင် မထွက်ကြဖို့ BGF တွေ လိုက်ပြောထားတယ်”ဟု သဲပုံ ဂိတ်နေထိုင်သူက ပြောသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ရွှေကုက္ကိုလ်ဒေသအပြင် မြ၀တီမဲကနယ် ကျေးရွာဘက်၊ ကော့ကရိတ် တံတားဦး ၊ ဝါဆိုဦးရပ်ကွက်ဘက်တွင်လည်း KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ BGF များအကြား လက်နက်ကြီး လက်နက်ငယ်များ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဆက် လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။



















