ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီး ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့အတွင်း ဖြစ်ပွားသည့် ဒေသတွင်းတိုက်ပွဲကြောင့် ထိုင်း နိုင်ငံနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကြသော ဒေသခံပြည်သူတစ်ချို့သည် လက်ရှိတွင်နေရပ်ပြန်နေထိုင်လျက်ရှိနေကြောင်း ပြန်လည်နေထိုင်သည့် ဒေသခံရွာသားများက ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထီးကော်ထောနှင့် အနီးအနားကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲ ပြန်ငြိမ် လျက်ရှိနေခြင်းကြောင့် ထိုင်းနိုင်ငံနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံရွာသား တစ်ချို့ နေရပ်ပြန်လည်နေထိုင်ကြပြီး ထိုင်းအာဏာပိုင်များကလည်း နီးစပ်သည့် ကမ်းနားများမှ ပို့ဆောင်ပေးခဲ့သည်ဟု ပြန်လည်နေထိုင်သည့် ဒေသခံရွာသားတစ်ဦးက ယခုလိုပြောသည်။
“ရှောင်သွားတဲ့သူတွေတော့ ပြန်လာကြပြီး။ ဟိုဘက်ကမ်းမှာကျန်တဲ့သူတွေလည်း ကျန်သေးတယ်။ တစ်ချို့တလေကျ မပြန်လာသေးဘူး။ တိုက်ပွဲပြန်ငြိမ်နေတော့ ပြန်လာလိုက်တယ်။ ထိုင်းအာဏာပိုင် တွေက ဝမ်းဖာဘက်ကနေရွှေကုက္ကိုလ်ကို ပြန်ပို့ပေးတယ်။ နေရာတွေကများတော့ ကျောက် ဖျာဘက်တွေရော အကုန်လူခွဲပြီးပို့တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရွှေကုက္ကိုလ်ဒေသရှိ ဒေသခံပြည်သူ ၃,၀၀၀ ကျော်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။
လက်ရှိ ရွှေကုက္ကိုလ်ဒေသအနီး ကျေးရွာများတွင် တိုက်ပွဲငြိမ်သက်နေခြင်းကြောင့် နယ်မြေကျေးရွာ အတွင်းသို့ ပြန်လည်နေထိုင်သည့် ဒေသခံရွာသားများရှိသလို နေရပ်မပြန်သေးဘဲ ထိုင်းနိုင်ငံ နယ်စပ် ဘက်ခြမ်းတွင်သာ နေထိုင်နေသည့် ရွာသားများလည်းရှိနေသည်ဟု စစ်ရှောင်ကူညီနေသူထံမှ သိရ သည်။
ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထီးကော်ထောနှင့် အနီးအနားကျေးရွာများတွင် နှစ်ဖက် တိုက်ပွဲပြန် လည်ငြိမ်သက်လျက်ရှိသော်လည်း ယမန်နေ့လည်ပိုင်းအထိ လက်နက်ကြီးအသံကြားနေရသေးကြောင်း ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “လက်နက်ကြီးသံကတော့ ဒီနေ့တော့ မကြားဘူး။ အရင်ညတွေတော့ညတိုင်းကြားရတယ်။ မနေ့ နေ့လည်က တစ်ချက်တစ်ချက်ကြားသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ပစ်ခတ်မှုများပြန်လည်ငြိမ်သက်လာပြီဖြစ်သော်လည်း အချိန်အကန့် အသတ်ဖြင့်သာ သွားလာခွင့်ပြုထားပြီး နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ် ထားကြောင်းအသွားအလာလုပ်နေသူတစ်ဦးက ပြောသည်။
“အခုသူတို့က မနက် ၆ နာရီ ညနေ ၆ နာရီ အသွားအလာပိတ်ပြီး။ ညပိုင်းတော့သွားလို့မရဘူး။ မြဝတီက လာတဲ့လူတွေလည်း ပိတ်မိနေတာအများကြီးပဲ။ ဒီကကုက္ကိုလ်ကလူလည်း ပြန်ဝင်လို့မရ၊ ဒီကလည်း ပြန်လို့မရ အဲ့လိုဖြစ်နေတယ်။ သူစိမ်းတွေကျတော့ သူတို့ပေးမဝင်ဘူး။ အခုအဝင်အထွက်က နည်းနည်း ခက်တယ်။ အပြင်ကသူစိမ်းတွေဝင်ရင် ဘယ်သွားမလဲ၊ ဘာသွားလုပ်မှာလဲ၊ မေးတယ်။ မှတ်ပုံတင်တွေ အကုန်တောင်းကြည့်တယ်။ ရွာသားတွေဆိုတော့ ဘာမှမစစ်ဘူး”ဟုပြောသည်။
ထိုင်းနိုင်ငံနယ်စပ်ဘက်ခြမ်းတွင် ကျန်ရှိနေသေးသည့် ဒေသခံရွာသားများအရေအတွက်နှင့် နေရပ် အသီးသီးသို့ ပြန်နေထိုင်နေသည့် ဒေသခံရွာသားများ၏ အရေအတွက်ကို ကရင်သတင်းဌာန−ကေအိုင်စီအနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။



















