ဧပြီလ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အကျဉ်းစခန်း အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသားများ (၃,၀၁၅) ဦး လွှတ်ပေးရာတွင် ကရင်ပြည်နယ်တောင်ကလေး အကျဥ်းထောင်မှ နိုင်ငံခြားသားအကျဥ်းသားအပါအဝင် ၈၃ ဦးခန့်လွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ ပြန်လည်လွတ်မြောက်လာသူ ၈၃ ဦးအနက် မြန်မာအကျဥ်းသား ၁၇ ဦးတွင် နိုင်ငံရေးပုဒ်မ ၅၀၅(က) ဖြင့် လွတ်ရက်နီးသူ ၂ဦးသာ ပါဝင်ကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။
“၅၀၅ (က) က ၂ယောက် ပါတယ်။ ကျန်တဲ့ ၁၅ ယောက်က ရဲပြေး၊ စစ်ပြေး နဲ့ လဝကမှုတွေ က အကျဥ်းသားတွေ လွတ်တာ။ အဲ့ဒါတွေ ပြီးမှ ဗီယက်နမ်၊ တရုတ် ၊ ဘင်္ဂါလီတွေကို နောက်မှ သပ်သပ် လွှတ်ပေး တာက ၁၅ ယောက်ဝန်းကျင်ရှိမယ်။ ဒါပဲလွတ်တယ်၊ တောင်ကလေး ထောင်ကနေပြီးတော့။” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တောင်ကလေးထောင်ထဲတွင် နိုင်ငံရေးအမှုများဖြင့် ထောင်ကျနေသည့် CDM များ၊ ကျောင်းသားများ၊ အရပ်သားများ စုစုပေါင်း ၂၀၀ ဝန်းကျင်ကျန်ရှိနေသေးကြောင်းနှင့် ထောင်ပြောင်းရွှေ့ခံထားရသည့် အကျဉ်းသား ဦးရေမှာလည်း ၁၀၀ ကျော်ခန့် ရှိနေသေးပြီး ၎င်းတို့ကို သာယာဝတီ၊ တောင်ငူ၊ ကျိုက်မရော ထောင်ဘက်များကို ခွဲ ပို့ထားကြောင်း အဆိုပါ လွတ်မြောက်လာသူက ဆက်ပြောသည်။
စစ်ကောင်စီမှ ကရင်ပြည်နယ် တောင်ကလေး အကျဉ်းထောင် အပါအဝင် အကျဉ်းထောင် ၁၁ ခုမှ ပြန်လွှတ် ပေးလိုက်သည့် အကျဉ်းသားများထဲတွင် ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ ရဲပြေး၊ တပ်ပြေး၊ လဝက တရားမဝင် နယ်စပ်ဖြတ်ကျော်အမှုများသာ အများဆုံးပါဝင်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ သတင်းမီဒီယာ သမားများနှင့် ကျောင်းသား နိုင်ငံရေးအကျဉ်းသား ၊ CDM ဝန်ထမ်းအကျဥ်းသားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားအကျဉ်းသူ (၃,၀၁၅)ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်မိပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရန် ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းပြန်လည်လွတ်မြောက်လာသူများက ပြောသည်။
အလားတူ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ (၉၈)ဦးကိုလည်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်စေရန် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။



















