Home တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) ဒု-တာဝန်ခံနှင့် မေးမြန်းချက်

ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) ဒု-တာဝန်ခံနှင့် မေးမြန်းချက်

1119

ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

“လက်နက်ကြီးနဲ့ပဲဖြစ်ဖြစ်၊ လက်နက်ငယ်နဲ့ဖြစ်ဖြစ် ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်ကို တန်ဖိုးမထားတဲ့လုပ်ရပ်တွေက လူသားချင်းစာနာထောက်ထားရေးအပိုင်းကနေ ကြည့်မယ်ဆိုရင် အင်မတန်မှဆိုးဝါးတဲ့လုပ်ရပ်တွေ ဖြစ်တယ်” စောခဲလေ(ဒု-တာဝန်ခံ၊ CIDKP)

ကရင်တိုင်းရင်းသားဒေသများတွင် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုများပြားလာသည့်အလျောက် စစ်ဘေးတိမ်းရှောင်ရသူပြည်သူလူထု ဦးရေသည်လည်း တစ်နေ့တစ်ခြားတိုးပွားလာခဲ့ရာ ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ ကော်သူးလေ၊ ကရင်ဒေသများတွင် စစ်ဘေးရှောင်ဦးရေ ငါးသိန်းကျော်ရှိနေကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ၏ ထုတ်ပြန်ချက်အရသိရသည်။

(၁၉၉၈) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP)သည် ထိုစစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာနှင့် အခြားအထောက်အပံ့ပစ္စည်းများအား လက်လှမ်းမီသလောက် ထောက်ပံ့ကူညီရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ထို့ကြောင့် စစ်ဘေးရှောင်များ၏အခြေအနေ၊ ထောက်ပံ့ကူညီမှုများလုပ်ဆောင်ရာတွင် ဒေသတွင်းအခြေအနေများကြောင့် ယခင်နှင့်ယခုလက်ရှိ ကွာခြားနေမှုအနေအထားနှင့် စစ်ရှောင်များပိုမိုတိုးပွားလာမှုအပေါ် အမြင်သုံးသပ်ချက်များအား သိရှိနိုင်ရန် CIDKP ၏ ဒု-တာဝန်ခံဖြစ်သော စောခဲလေအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ CIDKP က ဘယ်လိုအဖွဲ့အစည်းလဲ ဘာတွေကိုအထူးအလေးပေး လုပ်ဆောင်နေတာလဲဆိုတာလေး အရင်ဦးဆုံးပြောပြပေးပါ။
ဖြေ။ ကျနော်တို့ CIDKP က (၁၉၉၈)ခုနှစ်ကတည်းက ERA လို့ခေါ်တဲ့ အရေးပေါ်တုံ့ပြန်ကူညီဆောင်ရွက်ပေးရေး အတွက် ဖွဲ့စည်းထားတဲ့ကော်မတီအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ပဋိက္ခတွေကြောင့် နေရပ်စွန့်ခွာပြီးရှောင်ပြေးနေရတဲ့သူတွေအတွက် အထောက်အပံ့တွေကို အခြားအဖွဲ့အစည်းတွေ မရောက်နိုင်တဲ့နေရာတွေအထိကို ကျနော်တို့ရောက်အောင်သွားပြီး ကူညီပေးနေတာပါ။ ကျနော်တို့ရဲ့အဓိကလုပ်ငန်းတွေကတော့ လူသားချင်းစာနာထောက်ထားတဲ့ အထောက်အပံ့တွေသော်လည်းကောင်း၊ လွန်ခဲ့တဲ့အချိန်တုန်းကဆိုရင် မိုင်းအန္တရာယ်အသိပေးရေးအစီအစဥ်တွေကို သော်လည်းကောင်း ရေနဲ့သန့်ရှင်းရေးလုပ်ငန်းတွေ နောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဥ်အတွက်လည်း ကျနော်တို့လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

မေး။ CIDKP က လုပ်ဆောင်ခဲ့တဲ့ (သို့မဟုတ်) လတ်တလောလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ကူညီကယ်ဆယ်ရေးလှုပ်ရှားမှုတွေ ရှိရင် ပြောပြပေးလို့ရမလား။
ဖြေ။ လောလောဆယ်တော့ ဒေသအရဆိုရင် မြန်မာပြည်အရှေ့တောင်ခြမ်းဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသတွေမှာ တိုက်ပွဲတွေကြောင့်ဖြစ်လာတဲ့စစ်ရှောင်တွေအတွက် လိုအပ်တဲ့အစာရေစာနဲ့ကျန်းမာရေးပစ္စည်းတွေရယ်‌ ပြေးလွှားတဲ့အချိန်နေထိုင်ရေးအတွက်လိုအပ်တဲ့ အမိုးအကာတွေကို ကျနော်တို့ထောက်ပံ့နေပါတယ်။ ၂၀၂၂ကနေ အခုလက်ရှိ ၂၀၂၃ခုနှစ်အထိ စစ်ရှောင်ပြည်သူပေါင်း ၂သိန်းကျော်ကို CIDKP က ထောက်ပံ့ကူညီပေးနေပါတယ်။

မေး။ အခုနောက်ပိုင်း စစ်ကောင်စီက ကရင်တိုင်းရင်းသားဒေသတွေမှာ လက်နက်ကြီးနဲ့အရပ်သားနေထိုင်တဲ့နေရာတွေကို ပစ်ခတ်တာတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရတယ်။ ဒီလိုစစ်ကောင်စီရဲ့လုပ်ရပ်အပေါ်မှာ CIDKP အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒီကိစ္စကပြောရရင် တကယ့်ကိုမလုပ်သင့်တဲ့ကိစ္စတွေပေါ့နော်။ လက်နက်ကြီးနဲ့ပဲဖြစ်ဖြစ်၊ လက်နက်ငယ်နဲ့ဖြစ်ဖြစ် ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်ကို တန်ဖိုးမထားတဲ့လုပ်ရပ်တွေက လူသားချင်းစာနာထောက်ထားရေးအပိုင်းကနေ ကြည့်မယ်ဆိုရင် အင်မတန်မှဆိုးဝါးတဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီတိုင်းပဲဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေက ဘယ်လိုမှ ရှေ့ဆက်နိုင်မယ့်လမ်းကိုမမြင်ဘူးပေါ့နော်။

ဘယ်နေရာဘယ်ဒေသမှာမဆို ဒီလိုပဲပြည်တွင်းစစ်မှာ လူထုတွေကို တန်ဖိုးမထားတဲ့လုပ်ရပ်တွေ ရှိနေတဲ့နိုင်ငံဟာ တိုးတက်မှုမရှိခဲ့ဘူး။ ကျနော်တို့ မြန်မာပြည်ဟာ လက်နက်ကိုင်ပဋိပက္ခတွေအောက်မှာနေခဲ့ရတာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်ပါပြီ။ တိုးတက်မှုကမရှိဘူး ဘယ်ကမှာပဲကြည့်ကြည့် တိုးတက်မှုကအရမ်းကိုနည်းတယ်။ ဒီအတိုင်းသာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်နေဦးမယ်ဆိုရင် ကျနော်တို့တွေရဲ့ရှေ့ရေးက တိုးတက်သလောက်မတိုးတက်ဘဲ အရမ်းကိုဒုက္ခရောက်နေဦးမှာပါ။ အဲဒီတော့ စစ်ရှောင်တွေတနေ့တခြားတိုးလာတာ၊ လူငယ်တွေကကိုယ့်မြို့ကိုယ့်ရွာမှာ မနေကြတော့ဘဲနဲ့ တခြားနိုင်ငံတွေမှာ ရရာအလုပ်ကိုလုပ်နေကြတာလည်း မဆန်းပါဘူး။ အဲ့ဒါတွေက တဖြည်းဖြည်း ဆုတ်ယုတ်ဆိုးဝါးလာတဲ့အနေအထားတွေပါ။

မေး။ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေပေးတဲ့နေရာမှာ ၂၀၂၂ခုနှစ်ကထက် အခုနောက်ပိုင်းမှာ ပိုမိုခက်ခဲလာတာမျိုးရှိရင် ပြောြပပေးပါဦး။
ဖြေ။ အခက်အခဲတွေအများကြီးရှိတာပေါ့။ အရင်ကဆိုရင် နယ်စပ်ဒေသက ကျနော်တို့လက်လှမ်းမီတဲ့နေရာတွေပေါ့နော်။ အခုက အတွင်းဘက်မှာဖြစ်နေတဲ့အခါ ကျနော်တို့မမီနိုင်တော့တဲ့နေရာတွေ အများကြီးရှိတယ်။ သူတို့တွေ(စစ်ရှောင်ပြည်သူတွေ)မှာလည်း အထောက်အပံ့လိုအပ်နေတဲ့သူတွေပဲ။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းကို မလုပ်နိုင်တော့တဲ့သူတွေချည်းပဲ။ ကလေးတွေဆိုရင်လည်း ကျောင်းမတက်နိုင်တော့ဘူး။ ဒုက္ခတွေအမျိုးမျိုးရောက်နေကြတယ်။ အဲ့လိုလူမျိုးတွေကို ကျနော်တို့ကူညီချင်ပါတယ် ဒါပေမဲ့ ကျနော်တို့အနေနဲ့လက်လှမ်းမမီဘူးဖြစ်နေတယ်။

နောက်တစ်ခုက စစ်ရှောင်ဦးရေက တစ်ရက်ထက်တစ်ရက်တိုးလာတယ်၊ တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင် နောက်ဆက်တွဲတွေ့ကြုံရတဲ့အခက်အခဲတွေက အများကြီးပေါ့။ ဥပမာ အရင်က စပါးရိတ်သိမ်းချိန် တိုက်ပွဲဖြစ်၊ မိုးကလည်းရွာတော့ စပါးစိုက်ပြည်သူတွေက သူတို့တွေရဲ့လယ်တွေကို နောက်ချန်ထားခဲ့ရတယ်။ တစ်နှစ်လောက်ကြာပြီးတဲ့အခါ စားရေးသောက်ရေးက စိုးရိမ်စရာဖြစ်လာတာပေါ့။ အခြားနေရာမှာလည်းပဲ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့သူတစ်ယောက်က တစ်လနှစ်လလောက် ဒုက္ခရောက်လိုက်တယ်ဆိုရင် သူတို့ခြေထောက်ပေါ်ပြန်ရပ်တည်ဖို့အတွက် အရမ်းကိုခက်ခဲတယ်။ ဒီတိုင်းပဲဆက်ဖြစ်နေမယ်ဆိုရင်လည်း ဒေသတစ်ခုကလူတွေရဲ့ရှင်သန်ရေးက စိုးရိမ်စရာရှိတယ်ပေါ့နော်။ ကျနော်တို့ လက်လှမ်းမီနိုင်သည့်တိုင်အောင်လည်း ခုနကပြောတဲ့အခြေအနေတွေကြောင့် လိုအပ်ချက်ကအရမ်းကိုများပြားနေပါတယ်။

မေး။ အဓိကအားဖြင့် ဘယ်ဒေသတွေမှာ အကူအညီတွေပေးဖို့ ခက်ခဲနေသလဲဆိုတာ ပြောလို့ရသလောက် ပြောပေးပါဦး။
ဖြေ။ ကျနော်တို့ CIDKP အနေနဲ့ ကူညီလှုပ်ရှားနေတဲ့ဒေသတွေထဲမှာ ညောင်လေးပင်ခရိုင်က အကူအညီရောက်ရှိဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။ နောက်ပြီး ကေအဲန်ယူ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်းပေါ့။ လမ်းခရီးသွားလာဖို့အခက်အခဲရှိတာကတစ်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရတာကတစ်ကြောင်းပေါ့။ နောက်တစ်ခုက ထားဝယ် တနင်္သာရီဒေသပေါ့နော်။ အဲ့ဘက်တွေသွားဖို့က အဆင်မပြေဘူး၊ အဆင်မပြေဘူးဆိုတာလည်း ခုနကပြောတဲ့အချက်တွေကြောင့်ရော နောက်ပြီး ဒေသအာဏာပိုင်တွေခွင့်ပြုချက်မရလို့ရော ပစ္စည်းတွေဘာတွေသယ်ရတယ်။ နယ်စပ်ကိုဖြတ်ကျော်ပြီး အကူအညီပေးရတယ်ဆိုတော့ အင်မတန်မှ ခက်ခက်ခဲခဲသွားနေရတယ်။ ကရင်တိုင်းရင်းသားဒေသတွေရဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ ငါးသိန်းကျော်ရှိတဲ့အနက် ကျနော်တို့က နှစ်သိန်းကျော် လောက်ပဲထောက်ပံ့ပေးထားနိုင်တာဆိုတော့ ကျန်တာတွေအတွက်ကတော့ လိုအပ်ချက်တွေအများကြီး ရှိနေပါသေးတယ်။

မေး။ စစ်ရှောင်တွေ တနေ့တခြားတိုးလာတဲ့အပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ စစ်ရှောင်တွေတိုးလာတာ တော်တော်လေးဆိုးဝါးတဲ့လက္ခဏာတစ်ခုပါ။ စစ်ပွဲကမနက်ဖြန် ရပ်သွား ရင်တောင်မှ လူတွေရဲ့အိုးအိမ်နဲ့ဘဝပြန်လည်တည်ဆောက်ပြီး ကိုယ်ခြေ ထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အတွက်က အများကြီးအချိန်ယူရဦးမှာပါ။ ဒီနေရာမှာ စစ်ပွဲတွေမရပ်ဘဲ တိုက်ပွဲတွေဆက်ရှိနေတယ်၊ စစ်ရှောင်ဦးရေကပိုပြီးများလာနေတယ်။ အဲဒီတော့ ကျနော်တို့ဒေသတစ်ခုလုံးကပြည်သူတွေရဲ့ဒုက္ခတွေက ဆက်လက်ပြီးတော့ များလာဖို့ပဲရှိတယ်။ အဆိုးဆုံးကတော့ စစ်ပွဲတွေထဲမှာပြေးလွှားနေရတဲ့ကလေးတွေ ပညာမသင်ကြားရဘူး၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေကအဆုံးပေါ့။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ကျနော်တစ်ယောက်တည်းရဲ့အမြင်ကတော့ ရှေ့ဆက်ပြီးစိုးရိမ်စရာရှိတာပေါ့နော်။ ဒေသတွင်း တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာ ဝေလာဝေး၊ နေ့စဥ်နဲ့အမျှနေထိုင်ရတဲ့ သူတို့ရဲ့ဘဝလုံခြုံရေးကလည်း အရမ်းကိုစိုးရိမ်စရာပါပဲ။

ထပ်ဖြည့်ပြောချင်တာကတော့ ကျနော်တို့အနေနဲ့လည်း ကြိုးစားပြီး လက်လှမ်းမီသလောက် လုပ်ဆောင်ပေးနေပါတယ်။ အကြောင်းကြောင်းကြောင့် ကျနော်တို့မမီနိုင်တာတွေလည်း ရှိတယ်။ ကျနော်တို့ရဲ့လုံခြုံရေးအရသော်လည်းကောင်း၊ ပစ္စည်းပို့ဆောင်ရင်လည်း ပစ္စည်းပို့ဆောင်တဲ့နေရာမှာ စိတ်ချရဖို့ပေါ့နော် စသဖြင့်ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျနော်တို့တစ်ဖွဲ့တည်းတင်မကပါဘူး တခြားအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲချိတ်ဆက်ပြီးတော့ နိုင်ငံတကာအကူအညီရရှိရေးမှာလည်း ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။