Home တွေ့ဆုံမေးမြန်းခန်း KNU တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

KNU တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

1028

ဧပြီ ၂၈ရက်၊ ၂၀၂၃ ခုနှစ် ။ ကေအိုင်စီ

“အခုက စစ်ပွဲ၊ တိုက်ပွဲဆိုတာထက် ပြည်သူတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါကျတော့ ပိုဆိုးတာပေါ့။ နိုင်ငံတကာစည်းမျဥ်းဥပဒေကို ကျူးလွန်အသုံးပြုနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာရဲ့ သတ်မှတ်စည်းမျဥ်းနဲ့ အရေးယူမှုတွေကတော့ ပြုလုပ်သင့်ပါတယ်” ပဒိုစောလှထွန်း (KNU)

စစ်ကောင်စီသည် အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ ပြည်သူလူထုကိုပစ်မှတ်ထားသော လေကြောင်း တိုက်ခိုက်ခြင်းများအား တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ယခုအခါ ကေအဲန်ယူထိန်း ချုပ်နယ်မြေများတွင် အာဏာသိမ်းယူမှု နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေပေါင်း (၂၃၀) အထိ ကျုးလွန်ခဲ့ပြီးဖြစ်ကြောင်း KNU ၏ လူ့အခွင့်အရေး ကော်မတီ သုတေသနနှင့်မှတ်တမ်းဌာနခွဲက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ထိုသို့ ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ၏လေကြောင်းသုံးတိုက်ခိုက်မှု၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူထု ထိခိုက်ခံစားနေရသော အခြေအနေများအပေါ် ကေအဲန်ယူ၏အမြင်နှင့် လေယာဥ်မပျံသန်းရေးဇုန် ဖြစ်ပေါ်လာရန်နှင့် စပ်လျဥ်း သည့် သဘောထား မျှော်မှန်းချက်များအား သိရှိနိုင်ရန် KNU-ကရင်အမျိုးသားအစည်းအရုံး၏ တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်းအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။ စစ်ကောင်စီက အာဏာသိမ်းတဲ့နှစ်နှစ်ဆိုတဲ့ကာလအတွင်း‌ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ‌တွေရဲ့ နယ်မြေအခြေအနေကို အရင်ဦးဆုံးပြောပြပေးပါလား။
ဖြေ ။ အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွေရဲ့ အခြေအနေကိုပြန်ကြည့်ရင်တော့ ပြီးခဲ့တဲ့ကာလတွေမှာ စစ်ရေးဆိုင်ရာခက်ခဲမှုတွေ ပိုပြီးဖြစ်ပွားလာတယ်။ ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေကလည်း တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အစရှိတဲ့ အကြောက် တရားတွေအောက်မှာ ရှင်သန်နေရတယ်။ အရင်ကထက် ပိုတိုးလာတဲ့ လူသားဘဝမလုံခြုံမှု၊ တိုက်ပွဲတွေကြားက စိုးရိမ်ထိတ်လန့်မှု၊ တိုက်ပွဲပေါင်းများစွာ နေ့စဥ်နေ့တိုင်း ဖြစ်ပေါ်နေမှုတွေဟာ ကေအဲန်ယူ ထိန်းချုပ်တဲ့နယ်မြေတွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။

မေး ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားရတဲ့ ဒေသခံတွေရဲ့အခြေအနေကရော ဘယ်လိုရှိမလဲ။
ဖြေ ။ ဒါဟာ တကယ်ကိုဝမ်းနည်းစရာကောင်းပါတယ်။ ပြည်သူတွေက သူတို့ရဲ့ဘဝ အသက်ရှင်သန်ရေးအတွက် လုပ်ကိုင်စားသောက်ရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတာပေါ့။ ဒါပေမဲ့ အာဏာသိမ်းမှုအလွန်ကာလတွေမှာ စစ်ကောင်စီက သူတို့ရန်သူလို့သတ်မှတ်ထားတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို လေကြောင်းနဲ့တိုက်ခိုက်တဲ့နေရာမှာ ပြည်သူတွေကိုပစ်မှတ်ထားတဲ့အပေါ် ထိခိုက်သေဆုံးရတဲ့ပြည်သူတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ယခင် ၂၀၂၁ အာဏာမသိမ်းခင် ကာလတုန်းကနဲ့ နှိုင်းယှဥ်ရင် ထပ်တိုးလုပ်ဆောင်လာတာပဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးရမှုဟာ ကျနော်တို့ ကေအဲန်ယူတစ်ခုတည်းကိုပဲ ကိန်းဂဏန်းအရ ကြည့်မယ်ဆိုရင်‌တော့ ရာဂဏန်းလောက်ရှိတယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအနေနဲ့ဆိုရင်ကတော့အနည်းဆုံး ထောင်ဂဏန်းနီးပါးလောက်ထိရှိမယ်လို့ ပြောလို့ရပါတယ်။ ဒီအနေအထားဟာ အရင်ကတစ်ခါမှမရှိခဲ့ဘူးတဲ့ မကြုံဘူးတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ကျေးရွာပျက်ဆီးမှုတွေမှာ ပိုမိုများပြားတဲ့ဆုံးရှုံးမှုတွေ ပါဝင်နေတာလည်း တွေ့မြင်ရပါတယ်။

မေး ။ ကေအဲန်ယူအနေနဲ့‌ ဒေသခံတွေရဲ့ အသက်ဆုံးရှုံးရမှု၊ ဒဏ်ရာအနာတရထိခိုက်ခံစားရမှုနဲ့ ပစ္စည်းဥစ္စာ ဆုံးရှုံးရမှုအခြေအနေတွေမှာ ကူညီထောက်ပံ့ပေးခဲ့တာမျိုးရှိလား။
ဖြေ ။ ကေအဲန်ယူအနေနဲ့ကတော့ ကိုယ့်အဖွဲ့အစည်းရဲ့အတိုင်းအတာအရ ဖြစ်သွားတဲ့ ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးမှုမှာ ကျနော်တို့ တတ်နိုင်သလောက်ကူညီလုပ်ဆောင်ပါတယ်။ ဥပမာ အိုးအိမ်ပျက်စီးသွားတယ်ဆိုရင်လည်း အိမ်ပြန်လည်ဆောက်လုပ်နိုင်ဖို့ နောက်ပြီးတော့ ကျေးရွာတွေပျက်စီးတယ်ဆိုရင် ကျေးရွာပြန်လည်တည်ဆောက်နိုင်ဖို့ပေါ့။

ဒါပေမဲ့လည်း ခုနကပြောတဲ့ဆောင်ရွက်မှုတွေက မိုဘိုင်းလ်ကနေဆောင်ရွက်နေရတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာဒေသတစ်ခုကို စစ်ကောင်စီဘက်က ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တဲ့အခြေအနေမှာ ဒေသခံတွေဘေးကင်းဖို့အတွက် ပိုလုံခြုံတဲ့နေရာတစ်ခုကို ပြောင်းရွှေ့ပေးမယ်ဆိုပေမယ့်လည်း စစ်ကောင်စီက ရှိနေတဲ့နေရာတွေကို ထပ်တိုးပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အခါကျတော့ သံသရာက ဒီလိုပဲလည်ပတ်နေပါတယ်။

တဖက်မှာတော့ နိုင်ငံရေးအရ ပိုမိုကောင်းမွန်တည်ငြိမ်တဲ့ အခြေအနေမရောက်မချင်း၊ အာဏာ ရှင်ပြုတ်ကျတဲ့အခြေအနေမရောက်မချင်း ဒီလိုဖြစ်စဥ်တွေက ထပ်တိုးရှိလာမှာဖြစ်ပါတယ်။ ကူညီပေး သလားဆိုတော့ ကျနော်တို့ ကေအဲန်ယူအနေနဲ့ နိုင်သလောက်အတိုင်းအတာပဲ ကူညီနိုင်တယ်။ ဒါပေမဲ့ လူသားတစ်ဦးရဲ့ရှင်သန်နိုင်တဲ့အခြေအနေတစ်ခုအထိရောက်အောင် လိုအပ်တဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်စွမ်းတော့ မရှိပါဘူး။

မေး ။ လတ်တလောမှာလည်း နေရာတော်တော်များများမှာ လက်နက်ကြီးနဲ့လေကြောင်းရန်ကို ကြောက်လန့်နေရတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ရမ်းသမ်း ပစ်ခတ်နေတဲ့အပေါ် ဒေသခံ‌တွေရဲ့စားဝတ်နေရေးအ‌ခြေအနေနဲ့ စိုးရိမ်ထိတ်လန့်စရာ စိန်ခေါ်မှုက ဘာတွေရှိမလဲ။
ဖြေ ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေကတော့ သူ့ရဲ့အကြောက် တရားအောက်မှာပဲ အမြဲတမ်းရှင်သန်ရတာပေါ့။ အိမ်ရှိပေမယ့်လည်း ပြန်မအိပ်ရဲဘဲ တောတွေထဲမှာပဲ ပုန်းခိုပြီးအိပ်ကြရတယ်၊ လေယာဥ်ဘယ်တော့လာမလဲဆိုတဲ့ အကြောက်တရားကလည်း အမြဲတမ်းလိုလိုရှိနေတာကို ကျနော်တို့တွေ့မြင်ရပါတယ်။ အထူးသဖြင့်ကတော့ လေကြောင်း တိုက်ခိုက်မှုပစ်မှတ်ထားတဲ့နယ်မြေတွေက ပြည်သူတွေဆိုရင်လည်း လေယာဥ်သံကြားတာနဲ့ အကြောက်တရားတွေရှိတာပေါ့နော်။ လေယာဥ်သံကြားပြီဆိုတာနဲ့ သူတို့ရဲ့အသက် ဘေးကင်းလုံခြုံရေးအတွက် ပုန်းရတယ်၊ ပြေးရတယ်၊ ဘေးလွတ်ရာနေရာကို ရှောင်ရတယ်။

နောက်ပြီး ရေမြောင်းတွေထဲမှာပုန်းအောင်းနေရတယ်။ ဖြစ်လာပြီဆိုရင် စစ်ကောင်စီကလည်း ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း မရှောင်ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်‌ဆောင်တဲ့အတွက် ပြည်သူ့အိုးအိမ်အပါအဝင် ပျက်စီဆုံးရှုံးမှုတွေရှိတာပေါ့နော်။ တဖက်မှာလည်း လူသားရဲ့စိတ်ပိုင်းဆိုင်ရာ ဒုက္ခဆင်းရဲရောက်ရတဲ့ခံစားချက်တွေ ပိုပြီးတိုးပွားလာတယ်။ ပြီးတော့ ခုနကပြောသလို အိုးအိမ်ရှိပေမယ့်အိမ်မှာမနေရဲ၊ အိုးအိမ်တွေပျက်စီးဆုံးရှုံးရတဲ့ဘဝ‌တွေ တွေ့ကြုံနေရတယ်။ ဒါတွေဟာ လူထုတွေက အကြောက်တရားအောက်မှာ ရှင်သန်နေထိုင်ရတဲ့အတွက် စိတ်ဒဏ်ရာတစ်ခုလိုခံစားနေရတာလို့မြင်ပါတယ်။

မေး ။ စစ်ကောင်စီရဲ့ဒီလိုလေကြောင်းနဲ့တိုက်ခိုက်တာတွေထပ်မရှိလာဖို့ ကေအဲန်ယူအနေနဲ့ရော ဘာ‌တွေလုပ်ဆောင်ဖို့ရှိလဲ။ ပြီးတော့ လေယာဥ်မပျံသန်းရေးဇုန်များ ဖြစ်ပေါ်လာဖို့နဲ့စပ်လျဥ်းပြီး ဘာများပြောချင်ပါသလဲ။
ဖြေ ။ အမှန်တော့ လေကြောင်းတိုက်ခိုက်မှုဆိုတာ ပြည်တွင်းစစ်ရဲ့သဘောသဘာဝမှာ လေကြောင်းသုံးပြီး တိုက်ခိုက်လို့မရတဲ့သတ်မှတ်ချက်တွေတော့ ရှိတယ်။ အခုက စစ်ပွဲ၊ တိုက်ပွဲဆိုတာထက် ပြည်သူတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့အခါကျတော့ ပိုဆိုးတာပေါ့။ နိုင်ငံတကာစည်းမျဥ်းဥပဒေကို ကျူးလွန်အသုံးပြုနေတဲ့စစ်ကောင်စီကို နိုင်ငံတကာရဲ့သတ်မှတ်စည်းမျဥ်းနဲ့အရေးယူမှုတွေကတော့ ပြုလုပ်သင့်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာထက် ရပ်တန့်သွားအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကတော့ နည်းအမျိုးမျိုးရှိတာပေါ့။ ကေအဲန်ယူက တောင်းဆိုခဲ့တာတွေလည်းရှိတယ်။ ခရိုင်ကဆိုရင်လည်း စစ်မဲ့ဇုန်တွေသတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။

အဲဒီလို လေယာဥ်မပျံသန်းရဇုန်တွေ သတ်မှတ်ခြင်းအားဖြင့် ပြည်သူတွေကတော့ သတ်မှတ်ထားတဲ့ အဲဒီဇုန်တွေမှာ အကြောက်တရားကင်းကင်းနဲ့ နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုမရှိမချင်း နေထိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုဖြစ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တွန်းအားပေးလုပ်ဆောင်ဖို့လိုပါတယ်။ ကေအဲန်ယူအနေနဲ့ကတော့ နိုင်ငံတ ကာရဲ့သတ်မှတ်ချက်အောက်မှာ မကိုက်ညီတဲ့ စစ်ကောင်စီရဲ့ ပြည်တွင်းမှာ လေကြောင်းသုံးတိုက်ခိုက်မှု လုပ်ဆောင်နေတာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ကိုင်တွယ်ဖြေရှင်းဖို့၊ လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်သွားအောင် လေကြောင်းနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ ထောက်ပို့ပစ္စည်းတွေကို ရောင်းချတာတို့ ပံ့ပိုးကူညီတာတွေ မလုပ်ဖို့ကတော့ အဓိကလိုအပ်ပါတယ်။

အခုပြောသွားတဲ့အကြောင်းအရာတွေကိုအခြေခံပြီး ကေအဲန်ယူက တောင်းဆိုထားတာရှိပါတယ်။ တဖက်မှာလည်း ဒါကိုအဓိကထားပြီး နိုင်ငံတကာဘက်ကလည်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း သော်လည်းကောင်း၊ ယူအဲန် ကသော်လည်းကောင်း ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့တိုက်ခိုက်တဲ့လုပ်ရပ်တွေ ရပ်တန့်သွားအောင် လက်ရှိရှိနေတဲ့ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တန်ပြန်လုပ်ဆောင်ရမယ့် ခက်ခဲတဲ့လုပ်ရပ် တစ်ခုအနေနဲ့ရှိနေပါတယ်။ နိုင်ငံတကာရဲ့ဆောင်ရွက်မှုအောက်မှာပဲ ကျနော်တို့က လေယာဥ်မပျံ သန်းရဇုန်တွေထားရှိခြင်းဖြင့် ကျော်လွှားနိုင်မှာပါ။ ဒါပေမဲ့ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတော့ ဖြစ်နေပါတယ်။