Home သတင်း ပစ်ခတ်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်း ကျောင်းနေအရွယ်ကလေးများ ပညာရေးနှောင့်နှေးနေ

ပစ်ခတ်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်း ကျောင်းနေအရွယ်ကလေးများ ပညာရေးနှောင့်နှေးနေ

943

မတ်လ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှောင့်နှေးနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇွန်လတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLAနှင့် စစ်ကောင်စီ တပ်များတိုက်ပွဲဖြစ်ပွား၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း(၃၀)ကျော်မှ ဒေသခံပြည်သူတစ်သောင်းကျော်ထဲတွင် ကျောင်းနေအရွယ်ကလေးအများစုလည်း ပါဝင်နေပြီး ယခုအချိန်ထိ စစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေများကြောင့် အတန်းပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိကြောင်း ကျောက်ကြီးမြို့ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ကျမ ညီမလေးဆို ကိုဗစ်ဖြစ်ကတည်းက စစ်ဘေးရှောင်ရတာရော၊ ဘာရောနဲ့ စာမသင်ရတာ သုံးနှစ်ရှိပြီ၊ အဲ့ဒီအချိန်ကတည်းက စစ်ဘေးရှောင်နေတဲ့ ကလေးတွေတော်တော်များများ ကျောင်းမ တက်ရဘူး။ ကျောင်းတက်ချင်ရင်လည်း အစိုးရကျောင်းရှိတဲ့ နတ်သံကွင်းမြို့ဘက်မှာ သွားတက်ရတယ်။ ဒါပေမဲ့ အဲဒီကျောင်းကလည်း အခြေအနေမကောင်းရင် ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ဆိုတော့ ပညာရေးနှောင့်နှေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင် စစ်တပ်အာဏာမသိမ်းခင်က ကျောက်ကြီးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) သင်ရိုးသင်ကြားသည့်ကျောင်းနှင့်အစိုးရကျောင်းသင်ရိုးသင်ကြားသည့်ကျောင်းများရှိသော်လည်း တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ဘေးတိမ်းရှောင်ရသည့်အခြေအနေများ ဖြစ်လာ၍ KECD သင်ရိုးဖြင့် သင်ကြားသော ကျောင်းများ နည်းပါးသွားကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ထို့အတူ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ဆရာ၊ ဆရာမများနှင့် နယ်မြေခံဆရာ၊ ဆရာမများက ရွာခံကလေးများ၊ စစ်ရှောင်ကလေးများကို အတန်းတူရာစုပေါင်း၍ တိုက်ပွဲနှင့်အလှမ်းဝေးသောရွာများတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနသင်ရိုးဖြင့် သင်ကြားပေးနေသည်များရှိသော်လည်း တိုက်ပွဲနှင့် နီးပါက ကျောင်းပိတ်၍ တိမ်းရှောင်ရကြောင်း အခြားဒေသခံတစ်ဦးကလည်း ယခုလိုပြောသည်။

“အဓိကက မူလတန်း၊ အလယ်တန်းပေါ့၊ ရွာနှစ်ရွာ၊ သုံးရွာစုပြီး ဆရာမတွေက စာသင်ကြတယ်။ သင်ထောက် ကူပစ္စည်းတွေအတွက်ကတော့ အလှူခံလို့ရတာနဲ့ စီစဥ်ပေးတယ်။ ဆရာမတွေက လစာရတာလည်း မဟုတ်ပါဘူး။ ကျောင်းပြီးတော့မှ ကျောင်းသားမိဘတွေက စုပြီးကန်တော့တာပဲရှိတာ။ တိုက်ပွဲနဲ့ဝေး တဲ့နေရာမှာသင်တာပေါ့၊ တိုက်ပွဲနီးလာမယ်ကြံရင် ကျောင်းပိတ်ပြီးပြေးရတယ်။” ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၇)ရက်မှ မတ်လ(၄)ရက်နေ့အတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျီးပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ကျည်စုအစရှိသော ကျေးရွာများသို့ စစ်ကောင်စီမှ ပစ်ခတ်ခဲ့သော လက်နက် ကြီးကျရောက်ပေါက်ကွဲသဖြင့် အဆိုပါကျေးရွာများရှိ ဒေသခံသုံးထောင်ကျော် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်း ရှောင်နေရပြီး အကူအညီများထောက်ပံ့ပေးရန် လိုအပ်လျက်ရှိကြောင်း KNU u သတင်းထုတ်ပြန်ထားသည်။