မတ်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ ပညာရေးဌာနအောက်ရှိ စာသင်ကျောင်းများသည် ယခုနှစ် ပညာသင်နှစ်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် သင်ခန်းစာအားလုံး သင်ကြားမှုမပြီးစီးဘဲ စာမေးပွဲဖြေဆိုခဲ့ရကြောင်း ပညာရေးနှင့်နီးစပ်သူများက ပြောသည်။
တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ ပညာရေး ဌာနအောက်ရှိ စာသင်ကျောင်းများ မကြာခဏပိတ်နေရသဖြင့် ပညာသင်ယူနေသည့် ကျောင်း သူ/ကျောင်းသားများသည် သင်ခန်းစာမပြီးဆုံးဘဲ ဖြေဆိုနေရကြောင်း အမည်မဖော်လိုသူ ကျောင်းသားတစ်ဦးက ပြောသည်။
၎င်းက “စာတော့ရတယ်။ ကျောင်းကပိတ်လိုက်ဖွင့်လိုက်ဆိုတော့ဒီလိုပဲပေါ့။ သင်ခန်းစာတွေလည်း အကုန်မပြီးဘူး။ ဘာသာတိုင်းတော့နည်းနည်းစီကျန်တယ်။ လာနိုင်တဲ့အပုဒ်တွေတော့ ဆရာမတွေသင်ပေးထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုရှိသော်လည်း ယခုနှစ်ပညာသင်နှစ်တွင် ယခင်နှစ်ကထက် ကျောင်းသူ၊ ကျောင်းသားများအတွက် စာပိုမိုသင်ကြားပေးနိုင်ခဲ့သည်ဟု စစ်ကောင်စီ ပညာရေးဝန်ထမ်းများက ပြောဆိုကြသည်။
“ဒီနှစ်ကစာသင်တာထိထိ ရောက်ရောက်ရှိတယ်။ ကလေးတွေစာ တတ်သွားတယ်။ အရင်နှစ်တော့ ကလေးတွေ စာဘယ်တတ်မလဲ။ သင်ခန်းစာနှစ်ခန်းလောက်ပဲ သင်ရတယ်။ ဒီနှစ်က ပြီးခဲ့တဲ့နှစ်ထက် ပိုသင်ကြားနိုင်တယ်” ဟု ပညာရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ပြောသည်။
စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကော့ကရိတ်မြို့နယ်ရှိ ကျောင်းသူ/ကျောင်းသား အများအပြား သည် စစ်ကောင်စီလက်အောက်ခံပညာရေးကျောင်းတွင် ပညာဆက်လက်သင်ယူခြင်းမလုပ်တော့ဘဲ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD)ကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများတွင် တက်ရောက်ပညာသင်ယူခဲ့ကြသည်ဟု သိရသည်။
ထိုသို့ ပညာသင်ယူရာတွင် နယ်မြေတွင်း ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြောင့် အခက်အခဲ အမျိုးမျိုးကြုံတွေ့ခဲ့ရကြောင်းလည်း KECD ကျောင်းတွင် စာသင်ကြားပေးနေသည့် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကျောင်းဆရာတစ်ဦးက ပြောသည်။
“သင်ကြားမှုက မာတိကာအမီတော့ မပြီးတာဖြစ်ကိုဖြစ်မှာပဲ။ သူတို့လည်း မပြီးနိုင်ဘူး ။ ကျနော် တို့ကလည်း သင်ခန်းစာကို ပြီးမြောက်ဖို့ လိုချင်သလောက်တော့မရဘူး။ ကလေးတွေ သင်ခန်းစာကို လိုက်နိုင်တဲ့အဆင့်ထိရယ်၊ သင်ကြားနိုင်တဲ့အခွင့် အရေးရယ်ပဲ သင်ကြားနိုင်တယ်။ အခြေအနေက လေယာဉ်နဲ့လာလိုက်၊ မြေပြင်နဲ့လာလိုက်ဆိုတော့ အခက်အခဲတွေအများကြီးရှိတယ်။ ကလေးတွေရ သင့်သလောက်တော့ရသွားတယ်” ဟု ၎င်း CDM ကျောင်းဆရာက ပြောသည်။
ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်အပြင် အခြားမြို့နယ်များတွင်လည်း တကျော့ပြန် စစ်ရေးပဋိပက္ခကြောင့် ကျောင်းနေအရွယ်ကလေးအများအပြားလည်း ပညာသင်ယူမှုတွင် အခက်အခဲ အမျိုးမျိုးနှင့် တွေ့ကြုံရကာ ကျောင်းသင်ခန်းစာများ မပြီးဆုံးဘဲစာမေးပွဲဖြေဆိုနေရကြောင်း ကျောင်းသူ/ ကျောင်းသားနှင့် ဆရာ/ဆရာမများထံမှ သိရသည်။
ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသူကျောင်းသားဦးရေ ၇ ဒသမ ၂၃ (၇.၂၃)သန်းကျော် ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီ၏ပညာရေးဌာနဝန်ကြီးက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြောကြားထားသည်။ ကရင်ပြည်နယ်အနေဖြင့် ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသား ဦးရေ ၂၁၁,၀၀၀ (နှစ်သိန်းတစ်သောင်းတစ်ထောင် )ကျော်ရှိသည်ဟု စစ်ကောင်စီ ပညာရေးဌာန၏ ထုတ်ပြန်ထားချက်အရ သိရှိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် မူလတန်းအဆင့်မှ အထက်တန်းအထိ စာမေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၁ရက်နေ့အထိ ဖြေဆိုခဲ့ကြပြီး တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) စာမေးပွဲကို လာမည့် မတ်လ ၈ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ကြောင်း ကျောင်းဆရာ/ဆရာမများထံမှ သိရသည်။



















