Home သတင်း သံတောင်မြို့ထဲတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံနေအိမ် အလုံး ၂၀ ရှိလာ

သံတောင်မြို့ထဲတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံနေအိမ် အလုံး ၂၀ ရှိလာ

1015
Photo: CJ

မတ်လ ၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃)မိုင်ရှိ ရပ်ကွက်ထဲတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်ပေါင်း ၂၀ လုံးရှိသွားပြီဟု သံတောင်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်မှ ယမန်နေ့ မတ်လ ၆ ရက်နေ့အထိ သံတောင်မြို့ ၁၃ မိုင် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်ရှိ လူနေအိမ် ၂၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းပြီး အဆိုပါ မီးရှို့ခံရသည့် နေအိမ်များတွင် ကေအဲန်ယူ တပ်ဖွဲ့ ဝင်နေအိမ်နှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နေအိမ်များပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ တောင်ငူခရိုင်၊ တပ်မဟာ(၂) နယ်မြေအတွင်းရှိ အဆိုပါဒေသတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ထွက်သွားလာခဲ့သည့်နေရာများဟုဆိုကာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ် သည့်အတွက် ဒေသခံများမှာ အခြားအရပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရကာ ကျန်ရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံက ပြောသည်။

သံတောင်ဒေသခံတစ်ဦးက “ သူတို့နေအိမ်မီးရှို့တာ (၃) ကြိမ်လောက်ရှိပြီး အခုလည်း မီးရှို့တာရှိတယ်။ အရင်လ လည်း မီးရှို့တာရှိတယ်။ အဲဒီမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ တော်လှန်ရေးအဖွဲ့တွေ ပြန်ခံပစ်တဲ့နေရာ ပြီးတော့ PDF တွေ ခိုအောင်းတဲ့နေရာဆိုပြီး သူတို့က နေအိမ်တွေမီးရှို့တာ။ မနေ့တစ်နေ့တုန်းက မီးရှို့သွားတဲ့နေ အိမ်တွေကို လူမရှိဘူး၊ ပိုင်ရှင်တွေက စစ်ပြေးရှောင်နေရတာပါ။ မုဆိုးမအိမ်တွေလည်းပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကြောင့် သံတောင်မြို့ တစ်မြို့လုံးနီးပါးရှိ လူထုများ ထွက်ပြေးတိမ်းရှောင်နေရကာ အချို့မှာ နီးစပ်ရာမြို့ရှိ အသိမိတ်ဆွေနေအိမ်နှင့် ဘာသာရေး အဆောက်အဦးနေရာများတွင် သွားရောက်တိမ်းရှောင်နေကြသူရှိသလို အချို့မှာ တောထဲတောင်ထဲရှိ ဥယျာဉ်ခြံထဲတွင် သွားရောက်တိမ်းရှောင်နေကြရသည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းက “ပြောရမယ်ဆိုရင် တစ်မြို့လုံးနီးနီးပြောင်းတယ်။ ကျနော်တို့က သူများအိမ်မှာလိုက်မနေချင်လို့ ကိုယ့် အိမ်မှာအရဲစွန့်ပြီးပေတေတေပြန်နေတယ်။ တောတောင်ထဲမှာဆိုရင် အသက်ကြီးလာတော့ သိပ်အဆင်မပြေဘူး။ အခုကျန်ရင် အိမ် ၂၀ ကျော်ကျော် ၃၀ လောက်ပဲကျန်မယ်။ အဆင်ပြေသလိုလိုက်နေကြတယ်။ မြို့မှာရှောင် တဲ့တချို့က သာသနာက ကြည့်ရှုစောင့်ရှောက်ပေးရတယ် အဲဒီလိုရှိတာပေါ့။”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် သံတောင်ဒေသတွင် ရာသီဥတု အေးသည့် ဒေသထဲတွင်ပါဝင်သည့်အတွက် တောတောင်ထဲတွင် တိမ်းရှောင်နေရသည့် သက်ကြီးရွယ်အိုစစ်ရှောင်အချို့သည် ရာသီဥတုဒဏ်ကြောင့် စစ်ရှောင်ရင်း အသက်သေဆုံးသွားသူ ၃ ဦးထက်မနည်းရှိသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ရပ်ကွက်ထဲရှိ စစ်ရှောင်သွားသည့်နေအိမ်တချို့သည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်မှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းများ မွှေနှောက်ဖျက်ဆီးသွားခြင်းရှိသည့်အပြင် ဒေသခံအချို့ကိုလည်း PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးသွားခြင်းလည်းရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်မှ စတင်၍ ၂၀၂၃ခုနှစ်အထိ ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေများထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ရှိကာ ထိုအထဲတွင် ကေအဲန်ယူ တောင်ငူခရိုင်တွင် စစ်ရှောင်ဦးရေ ၃ သောင်းကျော်ရှိသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ထုတ်ပြန်ထားခြင်းရှိခဲ့သည်။