Home ဆောင်းပါး သားအိမ်ခေါင်းကင်ဆာအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းများ

သားအိမ်ခေါင်းကင်ဆာအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းများ

1553

“အမျိုးသမီးနှင့် ကျန်းမာရေး” ပညာပေးဆောင်းပါး(၄)

သားအိမ်ခေါင်းကင်ဆာအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းများ

သားအိမ်ခေါင်းကင်ဆာ(Cervical Cancer)ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေအတွက် ဒုတိယ ဖြစ်ပွားမှု အများဆုံး ကင်ဆာဖြစ်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာဟာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်ကြီးထွားပြန့်ပွားတဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်း အချွဲမြှေး စစ်ဆေးခြင်း၊ Human papilloma ဗိုင်းရပ်စ် ပိုး ရှိ၊မရှိ စစ်ဆေးခြင်းကို ခံယူခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေ ရှိမရှိကို အတည်ပြုပေးနိုင်ပါတယ်။

သားအိမ်ခေါင်းဆိုတာ သားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကို ဆိုလိုတာဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?
သားအိမ်ခေါင်းကင်ဆာရောဂါခံစားရသူ အားလုံးနီးပါးဟာ Human Papilloma Virus(HPV)လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရလေ့ရှိပြီး ဒီဗိုင်းရပ်စ် ဟာ အများအားဖြင့် လိင်ကတဆင့် ကူးစက်လေ့ရှိတာပါ။
အမှန်တကယ်တော့ အရွယ်ရောက်ပြီးသူ အများစုမှာ HPV ဗိုင်းရပ်စ်ပိုးရှိနေတတ်တာ များပါတယ်။ တချို့ HPV ဗိုင်းရပ်စ်တွေက ဘာပြဿနာမှ မပေးပေမယ့် တချို့ကတော့ လိင်အင်္ဂါကြွက်နို့ ဖြစ်စေသလို တချို့က သားအိမ်ခေါင်းကင်ဆာလည်း ဖြစ်စေပါတယ်။
သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ HPV ဗိုင်းရပ်စ်အမျိုးအစား ၁၆ နဲ့ HPV ဗိုင်းရပ်စ်အမျိုးအစား ၁၈ တို့ကြောင့် ဖြစ်ပွားတာပါ။ သားအိမ်ခေါင်း အချွဲမြှေးယူပြီး သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို PAP test နှင့် HPV DNA test တို့ဖြင့် စစ်ဆေးပါတယ်။ စစ်ဆေးမှု (၂)မျိုးလုံးအတွက် သားအိမ်ခေါင်းမှ အချွဲကိုယူပြီး စစ်ဆေးပါတယ်။

• PAP test လို့ခေါ်တဲ့ စစ်ဆေးမှုကတော့ သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ရှိ၊မရှိ စစ်ဆေးပေးတာဖြစ်တယ်။
• HPV DNA test စစ်ဆေးမှုကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ များစေတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေကို စစ်ဆေးတာဖြစ်တယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ရခြင်းဟာ HPV ဗိုင်းရပ်စ်တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ တခြားအချက်တွေကြောင့်လည်း ဖြစ်နိုင်ခြေရှိပါသေးတယ်။
သားအိမ်ခေါင်းကင်ဆာ မျိုးရိုးရှိခြင်းကလည်း သင့်မှာ ဒီရောဂါဖြစ်နိုင်ခြေ နှစ်ဆကနေ သုံးဆအထိ ပိုများပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ ရောဂါလက္ခဏာများ
သားအိမ်ခေါင်းကင်ဆာက ကနဦးအဆင့်မှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် လူတွေက သတိမထားမိတတ်ကြဘဲ အချိန်လွန်မှ သိကြတာများပါ တယ်။ တကယ်လို့ သင့်မှာ အောက်ပါလက္ခဏာတွေ ခံစားရပြီးဆိုရင်တော့ သားအိမ်ခေါင်ကင်ဆာရောဂါ ဟုတ် မဟုတ် ဆရာဝန်နှင့် အမြန်ဆုံး ဆွေးနွေးစမ်း သပ်မှု ခံယူပါ။
• အမျိုးသားနှင့်အတူနေပြီး သွေးဆင်းတာ
• ရာသီ(ဓမ္မတာ)လာချိန်နှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ
• မိန်းမကိုယ်ကနေ မူမမှန်သွေးဆင်းတာ
• သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
• မိန်းမကိုယ်ကနေ အဖြူဆင်းတာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ
• ဆီးစပ်ကိုက်တာ
• အတူနေစဉ် မိန်းမကိုယ် နာတာ
စတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ရောဂါလက္ခဏာတွေ ရှိလာပြီးဆိုရင် နီးစပ်ရာ ကျန်းမာရေးဆေးခန်းမှာ သွားရောက်ပြသပြီး စမ်းသပ်မှု ခံယူသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?
⁃ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉နှစ်မှ စတင် ထိုးနှံထားသင့်ပါတယ်။ (သတိပြုရန် – အမျိုးသားဖြင့် လုံး၀ လိင်မဆက်ဆံဖူးသူမှသာ ဆေးအာနိသင် ၁၀၀% ထိရောက်မှု ရှိမည်ဖြစ်သည်။)
⁃ HPV / Pap test သားအိမ်ခေါင်ချွဲအမြှေး စစ်ဆေးခြင်းကို အသက် ၂၅ – ၆၅နှစ်အတွင်း ၅နှစ်တကြိမ် ပုံမှန်စစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ သိရှိနိုင်မှာဖြစ်ပါတယ်။ စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင် ကုသလို့ရနိုင်ခြေ များပါတယ်။ မျိုးရိုးရှိတဲ့သူတွေက တော့ သတ်မှတ်အသက်ထက် စောစီးစွာ ပုံမှ န်စစ်ဆေးနေသင့်ပါတယ်။
⁃ လိင်ဆက်ဆံသည့် အဖော်ဦးရေ မများအောင် ကန့်သတ်ခြင်းနှင့် အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်သော HPV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေနည်းသွားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
⁃ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေကြောင့် ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေဟာ ဆေးလိပ်မသောက်တတ်တဲ့ အမျိုးသမီးတွေထပ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ နှစ်ဆ ပိုများပါတယ်။
⁃ ကလေး ခဏခဏ မမွေးပါနဲ့။ ကလေးသုံးယောက်နဲ့အထက် မွေးဖူးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
⁃ ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်မဆောင်ပါနဲ့။ ပထမဆုံးကိုယ်ဝန်ဆောင်ချိန် အသက် ၁၇နှစ်အောက် အမျိုးသမီးတွေဟာ အသက်ကြီးလာရင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနိုင်ခြေ နှစ်ဆ ပိုများပါတယ်။
⁃ Diethylstilbestrol လို့ခေါ်တဲ့ ဟော်မုန်းဆေးတစ်မျိုးကို ရှောင်ပါ။ အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်ဖို့ ဒီဆေးကို အသုံးပြုလေ့ရှိပါ တယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီဆေးအသုံးပြုတဲ့ မိခင်တွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပြီး သူတို့ကနေ မွေးဖွားလာတဲ့ သမီးမိန်းကလေး တွေမှာပါ သားအိမ်ခေါင်းကင်ဆာကို ပိုဖြစ်စေနိုင်တဲ့အတွက် အန္တရာယ်များလှပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ရင် ဘယ်လိုကုသရသလဲ?
သားအိမ်ခေါင်းကင်ဆာ ဟုတ်မဟုတ် သေချာဖို့အတွက် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်းအပြင် Colposcopy ခေါ် သားအိမ်ခေါင်းအတွင်း မှန်ပြောင်းကြည့် ခြင်း၊ အသားစယူ စစ်ဆေးခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ သားအိမ်ခေါင်းကင်ဆာရှိနေတာ သေချာပြီဆိုရင်တော့ ဘယ်လောက်အဆင့်ထိ ရောက်နေပြီလဲဆိုတာကို ဆက်လက် စစ်ဆေးကြည့်ဖို့ လိုပါ တယ်။
– သားအိမ်၊ မိန်းမကိုယ်၊ အူမကြီးနဲ့ ဆီးအိမ်တို့မှာ ကင်ဆာဆဲလ်တွေ ပျံ့နှံမှုရှိမရှိ စစ်ဆေးခြင်း
– သားအိမ်ဘေးနားတစ်ဝိုက်က အရိုး၊ သွေးနဲ့ ကျောက်ကပ်တို့ရဲ့ အခြေအနေကို သိရှိရန် သွေးစစ်ဆေးခြင်း
– ကင်ဆာအကျိတ်ရဲ့ တည်နေရာ အရွယ်အစားနှင့် တခြားနေရာတွေကို ပျံ့နှံ့နေခြင်း ရှိမရှိ သိရှိနိုင်ရန် ကွန်ပျူတာဓါတ်မှန် (CT scan)၊ သံလိုက်ဓါတ်မှန် (MRI)၊ X-ray ဓါတ်မှန်စသော ပုံရိပ်ဖမ်း စစ်ဆေးခြင်းများကို ဆက်တိုက် ဆောင်ရွက်ရမှာပါ။

သားအိမ်ခေါင်းကင်ဆာကို ကုသရတာ ရှုပ်ထွေးပါတယ်။ ဒီကင်ဆာဟာ စောစီးစွာသိမှ ကုသလို့ပျောက်ကင်းနိုင်တာဆိုပေမဲ့ အထက်မှာပြောခဲ့သလိုပဲ ရောဂါ လက္ခဏာပြလေ့မရှိတာကြောင့် ကင်ဆာရောဂါဟာ ကင်ဆာနှောင်းပိုင်းအဆင့်မှ တော်တော်များများ သိတတ်ကြပါတယ်။

ယေဘုယျအားဖြင့် ကုသနည်း (၃)မျိုးရှိပါတယ်။
၁။ ခွဲစိတ်ကုသခြင်း
ကင်ဆာဆဲလ်တွေ ပွားများနေတဲ့ နေရာအစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ကင်ဆာအဆင့်အလိုက် ဆဲလ်ပွားတဲ့အင်္ဂါတွေပေါ် မူတည်ပြီး ဖြတ် ထုတ်ရတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အနည်းအများ ကွာခြားပါတယ်။ သားအိမ်ခေါင်း အနားတဝိုက်အပြင် မမျိုးဥအိမ်နှင့် သားဥပြွန်၊ အူမကြီး စတဲ့ အင်္ဂါတွေ အားလုံးကို ဖယ်ရှားပစ်ရနိုင်ခြေလည်း ရှိပါတယ်။

၂။ ဓာတ်ရောင်ခြည်သုံး ကုသခြင်း
ရောဂါဖြစ်ခါစ အခြေအနေမှာ ဓါတ်ရောင်ခြည်သုံးပြီး ကုသနိုင်သလို ခွဲစိတ်မှုနဲ့ ပူးတွဲပြီးတော့လည်း ပြုလုပ်နိုင်ပါတယ်။ ဓါတ်ရောင်ခြည်ကို ခန္ဓာကိုယ်အပြင်ဖက် ကနေ စက်နဲ့ပစ်တာမျိုး ဖြစ်နိုင်သလို ခန္ဓာကိုယ်အတွင်းထဲကို ပစ္စည်းလေးတစ်ခုထည့်ပြီး ဓါတ်ရောင်ခြည်တွေ ဖြာထွက်စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

၃။ ဆေးသွင်းကုသခြင်း
ကင်ဆာအဆင့် မြင့်သွားတဲ့အချိန်မှာ ကင်ဆာဆဲလ်တွေ ထပ်ပွားမလာစေဖို့ ဆရာဝန်နဲ့ အကြောဆေးသွင်းယူ ကုသမှုခံယူရပါတယ်။ စောစီးစွာ သွေးဆုံးသွား တာ၊ မွေးလမ်းကြောင်းကျဉ်းသွားတာ ဒါမှမဟုတ် အကျိတ်တွေ ရောင်လာတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

‘ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်‘ ဆိုတဲ့စကားအတိုင်း သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် အမျိုးသမီးများအနေဖြင့် အသက်အရွယ်အရ ထိုးနှံသင့်သော ကာကွယ်ဆေးများကို မပျက်မကွက် အချိန်မှီ ထိုးနှံကြပါရန်နှင့် သားအိမ်အချွဲမြှေးကို နှစ်အလိုက် ပုံမှန်စစ်ဆေးကြပါရန် တိုက်တွန်းလိုက်ရပါတယ်။