Home ဆောင်းပါး သယုကျိုးရွာမှာ ဖော်ပြခဲ့တဲ့ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှု

သယုကျိုးရွာမှာ ဖော်ပြခဲ့တဲ့ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှု

867

သယုကျိုးရွာမှာ ဖော်ပြခဲ့တဲ့ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှု

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက်)

ဒီဆောင်းပါးကိုရေးဖို့ အဓိကစေ့ဆော်တဲ့အချက်က KIC နဲ့ “ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ခေါင်းဆောင် မန်းအောင်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်း ခြင်း” ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ထိန်းချုပ်ရာ သယုကျိုးကျေးရွာမှာ “ကရင်လက်နက်ကိုင် တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနှင့် လူထုတွေ့ဆုံပွဲ” ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် မိခင်(KNU)အဖွဲ့အစည်းကနေ သဘောထား အခြေခံအမျိုးမျိုးနဲ့ ခွဲထွက်ကြပြီး တစ်သီးတစ်ခြား ဖွဲ့စည်းရပ် တည်နေကြတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ ထို့အပြင် ဘာသာရေးဘက်က ပုဂ္ဂိုလ်တွေနဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) တို့လည်း တက်ရောက်ကြတယ်လို့ သတင်းအရ သိရပါတယ်။

ဒီပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တက်ရောက်ခဲ့တဲ့ “ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ခေါင်းဆောင် မန်းအောင်ပြည်စိုးက အရေးကြီးတဲ့ ကိစ္စ ၂ခုကို KIC မေးမြန်းတဲ့ မေးခွန်းတွေဖြေကြားရင်း သူ့အလေးထားမှု၊ စိုးရိမ်မှုတွေနဲ့အတူ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။

သယုကျိုးကျေးရွာက ထိုတွေ့ဆုံပွဲမှာ ကရင်ပြည်သူလူထုက အောက်ပါကိစ္စ ၂ခုကို မေးမြန်းကြတယ်။ ထိုကိစ္စ ၂ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအ ဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒကိုလည်း တစ်ပါတည်း မေးမြန်းဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စ ၂ခုကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

– (၁) ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဟာ အရင်တုန်းက တစ်စုတစ်စည်းထဲ ကေအဲန်ယူ (KNU)ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိတယ်၊ အခုကတော့ ကွဲပြားနေတယ်။ ဒါကို ပြန်လည်ပြီးတော့စုစည်းနိုင်အောင် ပြန်လုပ်ဖို့ အစီအစဉ် ရှိ/မရှိ၊ ဘယ်လိုလုပ်ကြမလဲ။

– (၂) ကရင်ပြည်သူလူထုနယ်ပယ်မှာ နဲနဲလေး ကြီးထွားလာတဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ လောင်းကစားကိစ္စ (အာဝါဒေးတို့ ဘာတို့ပေါ့လေ) တွေနဲ့ပတ်သက်ပြီး ကာကွယ်ဆောင် ရွက်ဖို့ရှိသလား၊ ရှိတယ်ဆိုရင် ဘယ်လိုလဲ။

အထက်ပါ ကိစ္စ ၂ခုအနက် ပထမတစ်ခုနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးက သက်ဆိုင်သူတွေက ပြန်တော့ဖြေကြတယ် သို့သော်လည်း “ရှင်းရှင်းလင်းလင်း မရှိဘူး။ တိကျတဲ့အဖြေတော့ မရှိဘူး”လို့ သိရတယ်။

ဒုတိယကိစ္စနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက “တတ်နိုင်သလောက် အရေးယူဆောင်ရွက်ခဲ့တယ်။ ရှိတော့ရှိနေဆဲပဲ။ တတ်နိုင်သလောက် ဆက်လုပ် မယ်” ဆိုတဲ့ အဖြေပဲ ပေးခဲ့ကြတယ်လို့ မန်းအောင်ပြည်စိုးရဲ့ ပြောကြားချက်ကနေတဆင့် သိရပါတယ်။

အထက်မှာ မန်းအောင်ပြည်စိုး ပြောကြားချက်ထဲက ကိစ္စ ၂ခု (ဝါ) မေးခွန်း ၂ခုကို ကြည့်ပါ။ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်ကို အထင်အရှား တွေ့ရမှာ ဖြစ်ပါ တယ်။ ပြီးတော့ ဒါဟာ ကရင်ပြည်သူလူထုရဲ့ ဖြောင့်မတ်ဖြူစင်တဲ့ ဆန္ဒလည်း ဖြစ်တယ်။ တဆက်ထဲမှာ ကရင်ပြည်သူလူထုက ကရင်လူငယ်ထုရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ကိုပါ လှမ်းမျှော်ကြည့်တဲ့ စိုးရိမ်မှုလည်း ဖြစ်တယ်။ တဆင့်တက်ကြည့်ရင် ဒီကိစ္စ ၂ရပ် / မေးခွန်း ၂ခုဟာ ကရင်အမျိုးသားအရေးအတွက် သေရေးရှင်ရေး အရေးကြီးတဲ့ ကိစ္စတွေ လည်းဖြစ်နေပါတယ် မဟုတ်ပါလား။

ကျနော့် သဘောထားအမြင်ကတော့ ကရင်ပြည်သူလူထုရဲ့အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှုကို ကရင်လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက အလေးအနက်ထားကြရမှာ၊ ဦးထိပ်ပန်ဆင်ကြရမှာ ဖြစ်ပါတယ်။ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှုကို လျစ်လျူရှုနေတယ်၊ ကျောခိုင်းနေတယ်ဆိုရင် အဲဒီအဖွဲ့အစည်းနဲ့ အဲဒီလူပုဂ္ဂိုလ်ရဲ့ ပါးစပ်ကနေ ဘယ်လိုလှပတဲ့၊ လူကြားကောင်းတဲ့ စကားလုံးတွေကိုပဲ ပြောနေပါစေ။ သူတို့လုပ်နေသမျှ ပြောနေသမျှဟာ ကရင်လူထု အကျိုးစီးပွားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပဲ ဖြစ်နေပါလိမ့်မယ်။

ဒါ့ကြောင့် ကရင်အဖွဲ့အစည်းတိုင်းဟာ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှုကို တတ်နိုင်တဲ့နေရာ၊ တတ်နိုင်တဲ့အဆင့်၊ တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ စဉ်ဆက်မပြတ် လိုက်နာ ကြိုးပမ်း ဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်။

မန်းအောင်ပြည်စိုးဖြေကြားချက်ထဲမှာ ပါသလိုပါပဲ။ ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်အတ္တနဲ့ကိုယ်၊ ကိုယ့်အထာနဲ့ကိုယ် သွားနေကြတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အ စည်းတွေကို ချက်ချင်းလက်ငင်း အချိန်တိုအတွင်းမှာ တစ်သားတည်း တစ်စည်းတစ်လုံးတည်း ပေါင်းစည်းသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လက်တွေ့လည်း မကျပါ ဘူး။
ဒါကြောင့် အောက်ပါအချက် ၆ချက်ကို တင်ပြအကြံပြုပါရစေ။

ပထမအချက်က (အကျိုးစီးပွား၊ နယ်မြေ၊ စစ်အုပ်စုရဲ့ သွေးထိုးရန်တိုက်မှု စတဲ့) ဘယ်လိုအကြောင်းအချက်ကြောင့်မျှ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အချင်း ချင်းအကြားမှာ သွေးထွက်သံယို မဖြစ်စေရဘူးဆိုတဲ့ သဘောထားကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးရေး။ (ကရင်တွေလက်ထဲမှာ ကိုင် ထားတဲ့ သေနတ်တွေဟာ ကရင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်ဖို့ ဘယ်တော့မှ မဖြစ်စေရ)

ဒုတိယချက် ကရင်အချင်းချင်းအကြားက ဘယ်လိုပြဿနာကို မဆို စိတ်ရှည်လက်ရှည်နဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းရေး
တတိယအချက် ဘဝတူလူမျိုးစုတွေဖြစ်တဲ့ မွန်ပြည်သူလူထု၊ မွန်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပဋိပက္ခမဖြစ်စေရေး
စတုတ္ထအချက် နွေဦးတော်လှန်ရေးဆင်နွှဲနေတဲ့ ဗမာအပါအဝင် လူမျိုးပေါင်းစုံပြည်သူများ၊ အဖွဲ့အစည်းများနဲ့ သွေးစည်းညီညွတ်ရေး၊ အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး

ပဉ္စမအချက် အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ ဘယ်လိုပယောဂ၊ ဘယ်လို လိမ်ညာလှည့်ဖြားမှုကြောင့်ဖြစ်စေ ကရင်အချင်းချင်းသော်လည်းကောင်း၊ မွန်တို့နှင့်သော် လည်းကောင်း၊ နွေဦးတော်လှန်ရေးဆင်နွှဲနေတဲ့ ဗမာအပါအဝင်လူမျိုးပေါင်းစုံ ပြည်သူများ၊ အဖွဲ့အစည်းများနဲ့ သွေးထွက်သံယိုပဋိပက္ခများ မဖြစ်ပေါ်အောင် ဘက်အားလုံးက အပြန်အလှန် ထိန်းသိမ်းညှိနှိုင်း ဆောင်ရွက်ကြရေး

ဆဋ္ဌမအချက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဟာ တပ်ဖွဲ့ဝင်ကရင်လူငယ်ထုနဲ့ အရပ်ဖက်ကရင်လူငယ်ထုရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် အကျိုးစီးပွားကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မယ့် အရေးကြီးအန္တရာယ်ဖြစ်တာမို့ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းက လေးလေးနက်နက် လက်တွေ့ကျကျ အရေးယူဆောင်ရွက်ကြရေးတို့ ဖြစ်ပါတယ်။

ကရင်တွေအချင်းချင်း သွေးစည်းညီညွတ်မှု ပြိုကွဲနေရင်၊ ကရင်နဲ့ အခြားဘဝတူ နယ်မြေထိစပ်နေတဲ့ (မွန်၊ ဗမာ၊ ထားဝယ်၊ ပအိုဝ်း) အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူ များနဲ့ သွေးစည်းညီညွတ်မှု ပြိုကွဲနေရင် ဘယ်သူတွေအတွက်ပဲ အကျိုးရှိသွားစေခဲ့သလဲဆိုတာ (၁၉၄၉ ခုနှစ်ကနေ ဒီနေ့အထိ ရရှိခဲ့ကြတဲ့ သွေးသမိုင်းသင်ခန်းစာတွေ)ကို ဘက်အသီးသီးက လေးနက်ကြဖို့ လိုအပ်နေပါပြီ။

“အမျိုးသားရန်သူ – မဟာဗမာလူမျိုးကြီးဝါဒီ – အကြမ်းဖက်စစ်အုပ်စု – ဘုံရန်သူ” စသဖြင့် ၁၉၄၉ခုနှစ်ကနေ ဒီနေ့အထိ “ရန်/ငါ”ဆိုတဲ့အသိကို လက်တွေ့ဘဝထဲမှာ အသက်သွေးတွေနဲ့ရင်းပြီး သိရှိနားလည်ခဲ့ကြတယ်။ ထိုသို့သောသူတွေ (အမျိုးသားရန်သူ – မဟာဗမာလူမျိုးကြီးဝါဒီ – အကြမ်းဖက်စစ်အုပ်စု – ဘုံရန်သူ)နဲ့ စေ့စပ်ပြေလည် ပေါင်းဖက်နိုင်ကြသော်လည်း ကရင်အမျိုးသားအလံတော်တစ်လက်ထဲအောက်မှာ၊ တူညီတဲ့အမျိုးသားဝတ်စုံ ဝတ်ဆင်ကြသူတွေ အချင်းချင်းအကြားမှာ ဘယ်လိုအကြောင်း အချက်တွေကြောင့် သွေးကွဲနေကြအုံးမှာလဲ။ အစည်းပြေနေကြအုံးမှာလဲ။ သူသေ/ငါသေ သွေးထွက်သံယိုနည်းနဲ့ ဘယ်အချိန်ထိ မပြီးနိုင် မစီးနိုင် ဖြေရှင်းနေကြအုံးမှာလဲ။

သယုကျိုးကျေးရွာမှာ ဖော်ပြခဲ့တဲ့ ကိစ္စ ၂ရပ်/ မေးခွန်း ၂ခု (သို့မဟုတ်) ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှုဟာ ကျန်တဲ့အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများရဲ့ အမြော်အမြင်နဲ့ ဆန္ဒကို ဘယ်လိုအသွေးအရောင်ရှိတဲ့ နိုင်ငံ ရေးပါတီ အဖွဲ့အစည်းတိုင်းကမဆို ဦးထိပ်ပန်ဆင်ကြရမှာပါ။ တည်ကြည်တည့်မတ်စွာ ရှေ့ရှုကြရမှာပါ။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့ စိုးရိမ်မှုတွေကိုလည်း သက်သာ လျှော့ပါးအောင် လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းပေးဖို့ တာဝန်လည်း ရှိပါတယ်။

မိမိတို့အချင်းအကြားက ညီညွတ်သွေးစည်းမှုနဲ့ စာနာနားလည်မှုဟာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှုအပေါ်မှာ အခြေခံပြီး လက်တွေ့ကျကျ တည်ဆောက်ကြရမှာပဲ မဟုတ်ပါလား။