Home သတင်း မြ၀တီမြို့နယ်အတွင်း ရဲတပ်ဖွဲ့၀င်များ တရားမ၀င်ငွေကြေးရယူမှုများဖြင့် ၀င်ငွေကောင်းနေ

မြ၀တီမြို့နယ်အတွင်း ရဲတပ်ဖွဲ့၀င်များ တရားမ၀င်ငွေကြေးရယူမှုများဖြင့် ၀င်ငွေကောင်းနေ

512

မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များသည် ဒေသအတွင်း တရားမ၀င်လုပ်ငန်းများ လုပ်ကိုင်နေကြသူများ၊ ဒေသတွင်းလူငယ်လူရွယ်များအား ဖမ်းဆီးခြိမ်းခြောက်၊ ဆက်ကြေးကောက်ငွေညှစ်မှုများလုပ်ဆောင်ကာ လာဘ်ငွေရယူမှုကြီးထွားလာပြီး ရာထူးအဆင့် လိုက်၀င်ငွေကောင်းနေကြကြောင်း မြ၀တီမြို့ခံ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

“လူထုထဲက တရားမ၀င် ဆိုင်ကယ်ကယ်ရီတို့ ကားကယ်ရီတို့၊ ထိုင်းပစ္စည်းအောက်လမ်းက ပို့တဲ့သူတို့ကို ဖမ်းတယ်ငွေညှစ်တယ်။ လူငယ်တွေကို ဖမ်းတယ်စစ်တယ်၊ မြင်းဆေးမိတယ်ဆိုပြီး ခြိမ်းခြောက် ငွေ တောင်းတယ်၊ လောင်းကစားရုံတွေ၊ ပြည့်တန်ဆာအိမ်တွေ၊ ထိုင်းလူပို့ ပွဲစားအိမ်တွေ၊ အာဝါဒေးဝိုင်း တွေ၊ တည်းခိုခန်းတွေ ဆက်ကြေး၊ လိုင်းကြေးကောက်တယ်။ အခုဆို ရဲနယ်ထိန်းတို့ ရပ်ကွက် ထဲ ပတ်ပြီး သတင်းယူတဲ့ ရဲသားပေါက်(ရဲတပ်သား) တို့တောင် ဆိုင်ကယ်မစီးတော့ဘူး။ ကားကိုယ်စီနဲ့ ဖြစ် ကုန်ပြီ။ သူတို့ တစ်နေ့ ၀င်ငွေက ရာထူးတာ၀န်အလိုက်တစ်သိန်း၀န်းကျင်ကနေ သိန်း ဆယ်ဂဏန်း အထိ ရနေကြတယ်။ ” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်း ၂ နှစ် ကျော်အကြာ ကာလအတွင်း မြ၀တီမြို့တွင် စစ်ကောင်စီတပ်၊ BGF၊ ရဲတပ်ဖွဲ့ တို့နှင့် နီးစပ်သူများ ကျောထောက်နောက်ခံ ပြုပေးထားသည့် လုပ်ငန်းရှင်အချို့၏ တရားမ၀င်စီးပွားရေး လုပ်ငန်းများ ပိုမိုများပြားလာနေသလို BGF ကျောထောက်နောက်ခံပြုထားပေးသည့် လောင်းကစား (အာဝါဒေး) ပွဲခင်းများ၊ ငါးပစ်ဂိမ်းရုံများ၊ လိုင်စင်ခွင့်ပြုချက်မဲ့ စားသောက်ဆိုင်၊ Ktv/အရက် Bar များ၊ တရုတ်ကာစီနို၊ အွန်လိုင်းဂိမ်းရုံအဆောက်အဦးကြီးများ လုပ်ဆောင်နေသည့် ခြံ၀င်းကြီးများတည် ဆောက်နေမှု ပိုမိုများပြားလာနေကြောင်း မြ၀တီမြို့ခံများက ပြောသည်။

“စစ်တပ် အာဏာသိမ်းပြီးတော့ တိုက်ပွဲတွေက မြို့ပြင်နေရာတွေ၊ အာရှလမ်းဘက်တွေ မှာ သာ ပစ်ခတ် နေတာ၊ မြ၀တီမှာက စစ်တပ်တို့ရဲတို့ BGF တို့နဲ့နီးစပ်သူတွေ အရင်ထက်ပိုပြီးစီးပွား ဖြစ်နေတယ်၊ တရား မ၀င်တာ မှန်သမျှ အကုန်လိုင်းကြေးပေးပြီး လုပ်ကိုင်လို့ ရနေတယ်၊ အရင်တုန်းကလို့ ခွင့်ပြုမိန့်တို့ ၊ လိုင်စင်တို့ဆိုတာ မရှိတော့ဘူး၊ ရဲကိုဘယ်လောက်၊ တပ်ကိုဘယ်လောက်၊ BGF ကို ဘယ်လောက် ၊ ရပ်ကွက် အုပ်ကြီးကိုဘယ်လောက်ဆိုတာမျိုး ပေးနိုင်ရင် ကြိုက်တာ လုပ်စားလို့ ရနေတယ်။ ”ဟု မြ၀တီ မြို့ခံရပ်ကွက်သားတစ်ဦးက ပြောသည်။

မြ၀တီမြို့တွင် ယခု ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတားအမှတ် ၁ အား ပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းနှင့် အရောင်းအ၀ယ် ပြန်လည်စည်ကားကောင်းမွန်လာမည်ဟု မြို့ခံအခြေခံ လူတန်းစားများက မျှော်လင့်ထားကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက် ၀င်ထွက်သွားလာခွင့် ယခင်ခက်ခဲနေသေးခြင်း၊ မြို့ပြင် ကျေးနယ်များဘက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးတင်းမာနေဆဲအခြေအ နေကြောင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်စျေးအရောင်းအ ဝယ်လုပ်ကိုင်သူများ အဆင်မပြေဖြစ်နေကြကြောင်း သိရသည်။