Home ဆောင်းပါး ကရင့်ပညာရေးကျောင်းများ၏ စာသင်နှစ်ခရီးကြမ်း

ကရင့်ပညာရေးကျောင်းများ၏ စာသင်နှစ်ခရီးကြမ်း

865

ကရင့်ပညာရေးကျောင်းများ၏ စာသင်နှစ်ခရီးကြမ်း

စောဝါး (မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်)

မနက်ခင်းနေရောင်‌အောက်မှာ အဖြူ၊ အနက်အင်္ကျီ ကရင်ဝတ်စုံခပ်နွမ်းနွမ်းလေးတွေ ကိုယ်စီဝတ်ဆင် ထားတဲ့လူငယ်တွေဟာ ကျောင်းရှေ့ကွင်းပြင်မှာ စုဝေးပြီး ကရင့်အမျိုးသားအလံတော်ကို အလေးပြုနေ ကြပါတယ်။

အဲ့ဒီနေရာကတော့ ကရင်ပြည်နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ၊ ပိုင်ကျုံမြို့နယ်က ဒေါနတောင်ခြေမှာဆောက်ထားတဲ့ ကရင့်ပညာရေးနှင့်ယဉ်ကျေးမှုဌာနအောက်က ကော်သူးလေ ပညာရေးကျောင်း(ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ကျောင်း)က ကျောင်းသား‌တွေပဲ ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူဦးရေက များလာတာကြောင့် ကျောင်းခြံဝင်းထဲမှာ ပြည့်ကြပ်စွာ ကျောင်းသား/ကျောင်းသူများကို တွေ့မြင်နေရပါတယ်။

ပိုင်ကျုံမြို့နယ်က ဆယ်(၁၀)ယောက်ကျော်လောက်ရှိတဲ့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD မူလတန်းကျောင်းတစ်‌ကျောင်းမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျောင်းသားဦးရေ ခြောက် ဆယ်(၆၀)လောက်တိုးလာတာကြောင့် ဆရာ/ဆရာမ လုံလောက်မှုနဲ့ ကျောင်းအ ဆောက်ဦးလုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

ကော်သူးလေကျောင်းက တာဝန်ရှိသူတစ်ဦးကတော့ ကျောင်းတွေမှာ ကိုယ့်အားကိုယ် ကိုးပြီးဖွင့်တဲ့ကျောင်းတွေဖြစ်တာကြောင့် အခက်အခဲများစွာရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

“ကျနော်တို့အခက်ခဲတွေကတော့ အများကြီးရှိတယ်။ အဲဒီအခက်ခဲတွေထဲမှာ ငွေရေးကြေးရေးပေါ့ ၊ နောက်တစ်ခုက အခုစာသင်တဲ့ဆရာ/ ဆရာမတွေကလည်း သူတို့မှာ မိသားစုမိဘတွေရှိတယ် ။ သူတို့ပြန်ကြည့်ရမယ်။ ဒါပေမဲ့သူတို့စာသင်တယ်၊ တစ်နှစ်ပတ်လုံး သူတို့စေတနာ့ဝန်ထမ်းအဖြစ်ပဲ လာသင်ပေးရတယ်။ နောက်ပိုင်းကျောင်းသားတွေက ပိုများလာတယ်၊ ဒါပေမဲ့ဆရာ/ဆရာမ မလုံလောက်တဲ့ အခက်အခဲဖြစ်နေတယ် ”လို့ သူက ဆိုပါတယ်၊

KECD ရဲ့ ၂၀၂၂-၂၃ ပညာသင်နှစ် စာရင်းအရ ကေအဲန်ယူ နယ်မြေအတွင်းရှိ KECD မူလတန်းကျောင်းနဲ့ အထက်တန်း ကျောင်း‌ပေါင်း (၁၃,၀၀၃)ကျောင်းရှိနေပြီး ကျောင်းသားအရေအတွက်က (၁၁၁,၆၂၁)ကျော် အထိရှိနေသော်လည်း ဆရာ/ဆရာမအရေအတွက်က (၈,၁၅၀)သာရှိနေတဲ့အတွက် ဆရာ/ဆရာမ အင်အားမလောက်ခြင်းများ ဖြစ်နေပါတယ်။

KECD ကျောင်းက ဆရာ/ဆရာမတွေကို လုံလောက်တဲ့ ထောက်ပံ့မှု မရှိခြင်းနဲ့ အစိုးရကဲ့သို့ လခတွေ မပေးနိုင်သည့်အတွက် စာသင်ပေးချင်‌သော်လည်း သူတို့ရဲ့ မိသားစု စားဝတ်နေရေးရှိနေတာကြောင့် စာမသင်ဘဲ အလုပ်လုပ်နေရပါတယ်။

ကေအဲန်ယူ နယ်မြေတစ်ခုလုံးမှာ KECD ကျောင်း စုစုပေါင်း (၁,၃၀၃)ရှိ နေသော်လည်း မူတြော်ခရိုင်၊ တပ်မဟာ (၅)နယ်မြေအတွင်းရှိ ကျောင်းတချို့မှာ လေယာဥ်နှင့် ဗုံးကြဲသော ဒဏ်၊ လက်နက်ကြီးဒဏ် တွေကြောင့် ကျောင်းများပျက်စီးသွားတဲ့အတွက် ကျောင်းသား/ကျောင်းသူများမှာ (၂၀၂၂-၂၀၂၃) စာသင်နှစ်ကို တောတောင်တွေထဲမှာ ကုန်ဆုံးနေရပါတယ်။

ကရင့်ပညာရေးအတွက် ကျောင်းတွေဖွင့်လှစ်ပြီး ကိုယ်ပိုင်ပညာရေးစနစ်ဖြင့် သွားသည်မှာ အစိုးရ စာသင်ကျောင်းများကို ပုန်ကန်တဲ့ သဘောမျိုးမဟုတ်ဘဲ မိမိတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကား တွေကို ကရင်လူငယ်များသိရှိတတ်မြောက်စေဖို့နဲ့ လူမျိုးတစ်မျိုးရဲ့ကိုယ်ပိုင်မူဝါဒ စံနှုန်း တွေရှိသင့်နေ တဲ့အတွက် ကရင့်ပညာရေးကျောင်းတွေကို ဖွင့်လှစ်တည်ထောင်နေရခြင်းဖြစ်တယ်လို့ KECD ပညာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းယူပြီးနောက် အစိုးရကျောင်းတွေမှာ စာမသင်ဘဲ ပိုင်ကျုံမြို့နယ်က ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ကျောင်းမှာ စာသင်ပေးတဲ့ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဆရာမ‌တစ်ဦးကတော့ သူစာသင်နေရတဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျောင်းမှာ စာသင်ရတာကပိုပျော်ဖို့ကောင်းတယ်။ အဆင်ပြေတယ်၊ နောက်ပြီးတော့ ကရင်လူမျိုး တွေအတွက် ဒီကျောင်းက မရှိမနေ လိုအပ်တဲ့ကျောင်းမျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကရင့်စာပေနဲ့ ယဉ်ကျေးမှုကျောင်းတွေရှိတဲ့အတွက်၊ ကရင်လူငယ်တွေအတွက်၊ ကရင့်အမျိုး သားတွေအတွက် အကျိုးသက်ရောက်မှု ကြီးတယ်” လို့ ပြောပါတယ်။

အဓိက အကျိုးသက်ရောက်မူတွေက တချို့ကလေးတွေက ကရင်စကားနားမလည်တာတွေ အသုံးအနှုန်းအကုန်မသိတာတွေသိခြင်း၊ ကရင်သမိုင်းအကြောင်းအမှန်တွေသိရှိနားလည်ခြင်း ၊ ရိုးရာအဝတ်အစားကို တန်ဖိုးထားဝတ်ဆင်လာကြပါတယ်လို့ အဲဒီ CDM ဆရာမက ပြောပါတယ်။

ကော်သူးလေကျောင်းမှာရှိတဲ့ သင်ရိုးစာတွေက ကရင်၊ ဗမာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ကာယ စတဲ့ ဘာသာရပ်တွေကို အဓိကထား သင်ကြားနေပြီး ကျက်စာတွေကို ဦးစားမပေးဘဲ အတွေးအခေါ် ပိုင်းဆိုင်ရာ လက်တွေ့ပြလုပ်သင့်တာကို ပိုလုပ်ရပါတယ်။

ကျောင်းသားဦးရေ များလာ‌ပြီး စာသင်မယ့်နေရာက ကျဉ်းနေတဲ့အတွက် ကျောင်းသားများ စာသင်ရတာ အဆင်မပြေတဲ့အကြောင်း ကျောင်းသားမိဘများက ပြောဆိုပါတယ်။

“သားသမီးတွေကို ကော်သူးလေကျောင်းမှာ ထားရတဲ့အတွက် ပျော်ရွှင်မှုတော့ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကားကို သင်ရတယ်လေ။ ဒါပေမဲ့ ကိုယ့်လူမျိုးတွေကလည်း လွတ်လပ်မှုမရသေးဘူး၊ တော်လှန်ရေးကို ပိုအားစိုက်နေရတော့ တခြားအားနည်းမှုတွေရှိတယ်။ အခုက လေးတွေ စာသင်နေတဲ့နေရာမှာဆိုရင် ကျောင်းအဆောက်အဦးလုံလောက်မှုမရှိလို့ တာလပတ်အုပ်ပြီး တော့ စာသင်ခန်းအဆောင်လုပ်ပြီးစာသင်ရတာပေါ့ ”လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

ဆက်လက်ပြီး “စစ်ကောင်စီကျောင်းကို သဘောမကျလို့ ကျနော်တို့ ကော်သူးလေကျောင်းမှာပဲ တက် ဖြစ်တယ်။ ဒီမှာကျောင်းသားတွေအရမ်း‌များတော့ နေရာထိုင်ခင်း၊ အစားအသောက်တွေ သောက်ရေ သုံးရေတွေ အဆင်မပြေဘူး၊ ပညာသင်ကြားရေးစနစ်ကတော့ ကောင်းပါတယ်။”လို့ အဲဒီကျောင်းသားမိဘက ဆက်ပြောပါတယ်။

ကရင့်ပညာရေးမှာ အောင်မြင်တဲ့‌ကျောင်းသားကျောင်းသူတွေရဲ့အောင်လက်မှတ်တွေကို အသိမှတ်ပြုဖို့ နဲ့ နိုင်ငံတကာရဲ့ကောလိပ်တက္ကသိုလ်တွေမှာဝင်ခွင့်ရဖို့အတွက် ပညာရေးတာဝန်ရှိသူ လူကြီးတွေက ကြိုးစားနေပါတယ်လို့ KECD တာဝန်ရှိသူတွေက ဆိုပါတယ်။

KECD ကျောင်းဆရာမ ဝါးဖောဖောက ကရင့်ပညာရေး‌ကျောင်းနဲ့ပတ်သက်ပြီးတော့ အခုလို‌ပြောပါတယ်။ “အောင်မြင်သလောက်တော့အောင်မြင်ပြီး အဲ့လိုမှာပဲ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ခဲ့တဲ့ကြိုးစား ခဲ့တဲ့အရာ တွေက အရာထင်မှာပေါ့။ နောက်ပြီးတော့ ကျောင်းသားတွေအတွက်ကလည်း သူတို့ရွေး ချယ်ချင်တဲ့ အတတ်ပညာရွေးချယ်ချင်တဲ့တက္ကသိုလ်ကို တက်ခွင့်ရမှာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေး၊ ခြေလျင်ထိုးစစ်ဆင်တိုက်ခိုက်မှုက ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကြောင့်လည်း‌ကောင်း၊ ကော်သူးလေ (KECD)ပညာရေးကို မလိုအပ်သောလူတွေရဲ့ထိုးနှက်မှုများကြောင့် ပညာရေးသင်ထောက်ကူပစ္စည်းအခက်အခဲများစွာရှိနေတယ်လို့ ပညာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

“ဘယ်လိုပဲ အခက်ခဲများစွာရှိ‌နေ‌ပေမယ့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပြီးဆုံးသွားတဲ့အတွက် ပါဝင်ပူး ပေါင်းပေးတဲ့ ကျောင်းကော်မတီ ကျောင်းသားမိဘနဲ့ ကေအဲန်ယူ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူး တင်ပါတယ်။ နောင်လာမယ့် နှစ်တွေမှာလည်း ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်ပြီး ပူးပေါင်း ပါဝင်ပေးဖို့ တောင်းဆိုချင်တယ်”လို့ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်က KECD ကျောင်း ဆရာမ နော်စန်းသီတာက ပြောပါတယ်။