မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မြန်မာနိုင်ငံသားများ နေထိုင်နေသည့် လေးထပ် အိမ်ရာ၀င်းကို ထိုင်းအာဏာပိုင်များက မတ်လ ၂၂ ရက်နေ့၊ နေ့လည် ၁နာရီခန့်အချိန်က ဝင်ရောက် စီးနင်းစစ်ဆေးခဲ့ချိန်တွင် စစ်သုံးပစ္စည်းများကို ရှာဖွေတွေ့ရှိသဖြင့် မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ယမန်နေ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ဝင်ရောက် စီးနင်းမှုဖြစ်စဉ်တွင် တိုက်ခန်းတစ်ခု၌ နေထိုင်သူ မြန်မာနိုင်ငံသားလူငယ် ၂ဦးနှင့်အတူ စစ်သုံးပစ္စည်းများ၊ ဒရုန်းနှင့် ဆက်စပ် ပစ္စည်းများ၊ ဆေးဝါးများ ရှာဖွေတွေ့ရှိသဖြင့် ထိုင်းစစ်တပ်နှင့် မဲဆောက်မြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း စီးနင်းစစ်ဆေးမှုနေရာအနီး နေထိုင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“တိုက်ခန်းတစ်ခုမှာ စစ်ပစ္စည်းတွေတွေ့တယ်။ ဒရုန်းတွေ တွေ့တယ်ဆိုတော့ နောက်ထပ် ထိုင်းစစ်တပ် နဲ့ ရဲတွေ ထပ်ရောက်လာပြီး တိုက်တန်းလျားပတ်လည်ကို ပိတ်စောင့်တာတွေ ထပ်လုပ်ပြီး အခန်းတွေကို လိုက်၀င်စစ်တယ်။ ဘာမှထပ်မတွေ့တော့မှ ခေါ်ထိုင်ခိုင်းထားတဲ့ သူတွေပြန်လွှတ်ပေးပြီး စစ်ပစ္စည်း တွေ့တဲ့ အခန်းက ကောင်လေး နှစ်ယောက်နဲ့ ပစ္စည်းတွေနဲ့ ကားပေါ် ခေါ်တင်ဖမ်းသွားတယ်။ ဒီမနက် တော့ တိုက်တန်းလျား တစ်ခုလုံးတိတ်ဆိတ်နေတယ်”ဟု တိုက်တန်းလျားတွင် နေထိုင်သူမြန်မာ နိုင်ငံသားတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဘက်သို့ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းဖြစ်စဉ်နှင့် ပြည်တွင်း စစ်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းထွက်ပြေးလာသူ မြန်မာနိုင်ငံသားများ ခိုလှုံနေထိုင်မှုရှိ သည့်သည့်အတွက် ထိုင်းနိုင်ငံအာဏာပိုင် အဖွဲ့အစည်းများက ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများ မကြာ ခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
“ အခုက မြန်မာပြည် စစ်တပ်အာဏာသိမ်းတာကြောင့် ဒီဘက်ရှောင်လာသူတွေ တရား၀င် အထောက် အထားနဲ့နေတာရော၊ တရားမ၀င်နေတာရောရှိနေတော့ စစ်ဆေးတယ်၊ ဖမ်းဆီးတယ်။ ကျမတို့နေ တဲ့နေရာ ၀င်စစ်တာမှာ ထိုင်းစကားပြန်က မေးတယ်။ CDM လား၊ PDF လား ၊ ဒီနားမှာ နေတဲ့သူတွေ သိလားမေးတယ်၊ ကျမတို့က တိုက်ပွဲဖြစ်နေတော့ မဲဆောက်ဘက် ရှောင်လာတဲ့သူတွေ ဒီဘက်ရှောင် လာတာလို့ ဖြေလိုက်တယ်၊ သူတို့တော့ အေးအေးဆေးဆေးနေဖို့ပဲ ပြောတယ် ”ဟု ယမန်နေ့ ထိုင်းအာဏာပိုင်များ စစ်မေးခြင်းခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံဘက်မှ ရှောင်တိမ်း၀င်ရောက် နေထိုင်နေကြသူများ အနေဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားကဒ်(ပန်းရောင်ကဒ်)၊ ဒေသတွင်း နေထိုင်ခွင့် လက်မှတ်များ ပြုလုပ်နေထိုင် အလုပ်လုပ်ကိုင်မှုများရှိပြီး အထောက်အထားမဲ့နေထိုင်သူများအနေဖြင့် စစ်ဆေးဖမ်း ဆီးမည့် သတင်းများအပေါ် စိုးရိမ်ထိတ်လန့်ကာ နေထိုင်ခိုလှုံနေကြရကြောင်း သိရှိရသည်။