Home သတင်း တောင်ပိုင်းဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ ပထမဆုံးအကြိမ် လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှု သင်တန်းပြီးစီး

တောင်ပိုင်းဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ ပထမဆုံးအကြိမ် လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှု သင်တန်းပြီးစီး

941
Photo: Crd.

မတ်လ ၂၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃ ရှိ စစ်ကြောင်းများ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှုသင်တန်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု စစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

စစ်ကြောင်းအသီးသီးရှိ ပြည်သူ့ရဲဘော်များအား လက်နက်ကြီးများ ပူးပေါင်းပစ် ခတ်လေ့ ကျင့်မှု မွမ်းမံသင်တန်းကို တော်လှန်ရေးနယ်မြေတစ်ခုတွင် ရက်ရှည်သင်ကြားမှု အောင်မြင်ပြီးနောက် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် သင်တန်းဆင်း အခမ်းအနားပြု လုပ်ခဲ့သည်ဟု တောင်ပိုင်းတိုင်း ဒုစစ်ဒေသမှူး စောရှားက ပြောသည်။

၎င်းက “စစ်ကြောင်းတစ်ဖွဲ့ချင်းစီရဲ့ လက်နက်ကြီးသင်တန်းက ပုံမှန်လေ့ကျင့် သင်ကြား ပေးထားတယ်။ စစ်ကြောင်းတွေ အားလုံးပူးပေါင်းပြီး လက်နက်ကြီး ပစ်ခတ်လေ့ကျင့် လုပ်ဆောင်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ကြိုတင် ပြင်ဆင်မှုက အရေးကြီး ပါတယ်။ လိုချင်တဲ့ပန်းတိုင်းရောက်ဖို့က ဒီပူးပေါင်း စစ်ရေးသင်တန်းက အထောက်အကူ ဖြစ်မှာပါ။ ပြည်သူတွေဘက်က ကျနော်တို့အပေါ် အားမလို အားမရတာတွေ ရှိကောင်းရှိ နိုင်ပါတယ်။ တော်လှန်ရေးအတွက် အပြည့်အဝလုပ်ဆောင်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

သင်တန်းဆင်းအခမ်းအနားတွင် တောင်ပိုင်းစစ်ဒေသရှိ နဂါးနီ၊ နဂါးဖြူ၊ ကော်ဘရာ၊ ဒေါန၊ ကျားဖြူ၊ ကျားသစ်နက်၊ တောင်ညို၊ SOF၊ ဂဠုန်စစ်ကြောင်းအသီးသီးရှိ ရဲဘော်များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား စုပေါင်းအလေးပြုကြပြီး စစ်ကြောင်းတာဝန်ရှိသူများက ဂုဏ်ပြုစကားများပြောကြားခြင်းနှင့် တော်လှန်ရေးတွင် အသက်ပေးသွားသည့် တော်လှန်ရေး ရဲဘော်များအား အောက်မေ့ဂုဏ်ပြု အလေးပြုခြင်းများလည်း ပြုလုပ်သွားသည်ဟု သိရသည်။

တောင်ပိုင်းတိုင်း စစ်ဒေသအမှတ် ၃ သည် မြန်မာပြည်တောင်ဘက်ပိုင်းရှိ တိုင်းဒေ သကြီးနှင့် ပြည်နယ်များတို့တွင် အခြေစိုက်ထားပြီး စစ်ကောင်စီ၏ တနင်္သာရီ ကမ်းရိုးတန်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် အခြားစစ်တိုင်းများရှိ စစ်ကြောင်းတပ်များနှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။