Home သတင်း တောမီးကြောင့် နီပွန်ဖောင်ဒေးရှင်းဆောက်လုပ်ပေးထားသည့် လေးကေကော် စစ်ဘေးရှောင်နေအိမ်အလုံး ၂၀ခန့် မီးလောင်ပျက်စီး

တောမီးကြောင့် နီပွန်ဖောင်ဒေးရှင်းဆောက်လုပ်ပေးထားသည့် လေးကေကော် စစ်ဘေးရှောင်နေအိမ်အလုံး ၂၀ခန့် မီးလောင်ပျက်စီး

981
Photo: Crd.

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၃ ရက်၊ ကေအိုင်စီ

နှစ်ဖက်စစ်ရေးတင်းမာနေသေးသည့် မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့ သစ်ရပ်ကွက် ၆ နေရာတွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၁၂နာရီခန့်အချိန်က တောမီးလောင်ကျွမ်းမှုကြောင့် နီပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်ပေးထားသည့် ဒေသခံစစ်ဘေးရှောင် နေရသူတို့၏ နေအိမ်အလုံး ၂၀ ၀န်းကျင်ခန့် မီးလောင် ပျက်စီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လည်ကတည်းက စတင်လောင်ကျွမ်းသည့် တောမီးသည် ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်းအထိ မီးမငြှိမ်းသတ်နိုင်သေးကြောင်း စစ်ဘေးရှောင် စခန်းနေ ထိုင်သူများက ကေအိုင်စီသို့ ပြောသည်။

လေးကေကော်စစ်ရှောင်စခန်းနေထိုင်သူတစ်ဦးကက “တစ်ညလုံး မီးမသတ်နိုင် တော့ ဆက်မလောင်အောင်တော့ မီးတားလမ်းတွေလုပ်ပြီးပြန်လာကြပြီ။ လောင် လက်စတွေတော့ မီးမငြှိမ်းသေးဘူး။ တချို့ကလည်း အိမ်အလုံး ၆၀ လောက် လောင်တယ်လည်း ပြောတယ်။ အတိအကျတော့ သွားမကြည့်ရဲတော့ မသိရဘူး။ တိုက်ပွဲကလည်းမငြိမ်သေးတော့ အဲ့ရပ်ကွက်တွေဘက် မြေမြှုပ်မိုင်းနဲ့ မပေါက်သေး တဲ့ လက်နက်ကြီးကျည်တွေရှိနေတော့ ခြုံခုတ်ဖို့ မသွားရဲကြတော့ အခုလို တောင် ပေါ် တောမီးလောင်ပြီး ဆင်းလာတော့ အိမ်တွေပါ ဆက်လောင်သွားတဲ့သ ဘောဖြစ်တယ်”ဟု ပြောသည်။

လေးကေကော် မြိုသစ်တွင် ရပ်ကွက် ၆ ခု၊ နေအိမ်အလုံး ၃၀၀၀ ခန့်နှင့် ကျေးရွာ ၂ခု အပါအ၀င် နီပွန်ဖောင်ဒေးရှင်းမှ နေရပ်ပြန်ကရင်စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် မြို့သစ်တည်ထောင် ဖွံ့ဖြိုးရေး၊ အသက်မွေး၀မ်းကျောင်းပညာ၊ တစ်ပိုင် တစ်နိုင်စိုက်ပျိုးရေးလုပ်ကွက်များ အပန်းဖြေစခန်းဗျူးပွိုင့် နေရာများ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ စာကြည့်တိုက်များ ထူထောင်တည်ဆောက်ပေးထားပြီး လူဦးရေ ငါးထောင်၀န်းကျင်ခန့် အခြေပြုနေထိုင်ခဲ့သည်။

Photo: Crd.

သို့သော် စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားသည့်အတွက် အဆိုပါ မြို့သစ်အတွင်း နေထိုင်သူများက တဖန် နေရပ်စွန့်ခွာ စစ်ဘေးရှောင်တိမ်းနေကြရသည်။

“ရပ်ကွက် ၆ နဲ့၊ ရပ်ကွက် ၃၊ အုပ်ချုပ်ရေးမှူးရုံး၊ ဗျူးပွိုင့်လမ်းမနေရာတွေက တိုက်ပွဲ အပြင်းအထန်ဖြစ်ထားတဲ့နေရာတွေဆိုတော့ မြေမြှုပ်မိုင်းတွေ ရှိနေတယ်၊ အိမ်တွေ ထဲမှာ မပေါက်သေးတဲ့ လက်နက်ကြီးတွေ စိုက်၀င်နေတာတွေရှိတယ်၊ ဒါတွေ ရှင်းလင်းပြီးမှ လူပြန်နေဖို့ စိတ်ချရမယ့်နေရာ ဖြစ်နေတာ၊ အခုတောမီး လောင် တော့ သွားပြီး မီးသတ်ဖို့က မသွားရဲ ကြပါဘူး။ စစ်တပ်က ကင်းပုန်း ၀ပ်နေတာရှိ တော့ အပစ်ခံရမှာလည်း ကြောက်တယ်”ဟု လေးကေကော် ရပ်ကွက်သား စစ်ဘေးရှောင်နေရသူက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးချိန် တစ်နှစ်ခန့်အကြာမှစ၍ KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ လေးကေကော်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေမှုမှာ တစ်နှစ်ကျော်သည်အထိ ဆက်လက် ဖြစ်ပွားနေသေးသည့်အတွက် လေးကေ ကော်မြို့သစ် အပါအ၀င် ဒေသကျေးရွာ ၂၀ ခန့်မှဒေသခံ စစ်ဘေးရှောင် နေထိုင်နေ ရသူ ၅၀၀၀ ထောင်ကျော်အထိ သောင်ရင်းမြစ်ဘေးယာယီစစ်ဘေးရှောင် နေရာများ တွင် ဆက်လက် ခိုလှုံနေထိုင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။