ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်၏ ဝင်ရောက် စီးနင်းမှုခံခဲ့ရသည့် မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၀၃)ဌာနချုပ်ကို ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်တက်ယူနိုင်ခဲ့ပြီးဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း ၁၀၃ ဌာနချုပ်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲပိုင်းတွင် ဝေါလေဗျူဟာကုန်းမှတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား ၅၀ ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။
အဆိုပါ စီးနင်းခံရသည့် စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက်မ ပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ဌာနချုပ်နေရာကို ပြန်လည် တက်ရောက်နိုင်ပြီဟု ထိုပူးပေါင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
“သူတို့ စခန်းဝင်ရှို့ပြီး ကျနော်တို့ဘက်ကလည်း ဒရုန်းနဲ့ အဆက်မပြတ် ကြဲချတာတွေလုပ်တော့ သူတို့လည်း ညတွင်းချင်းမှာပဲ အမှောင်တောထဲမှာပဲ ပြန်ဆုတ်သွားတဲ့သဘောဖြစ်နေတယ်။ နေ့လည်လောက်မှာ ကျနော်တို့ စခန်းထဲ ပြန်ဝင်ရောက်နိုင်ပါပြီ ”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ KNLA ၁၀၃ ဌာနချုပ် ဝင်ရောက်စီးနင်းခံရမှုဖြစ်စဉ်တွင် အဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရခြင်းမှလွဲ၍ တပ်ဖွဲ့များ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း KNLA ဘက်က ပြောသည်။
သို့သော် စစ်ကောင်စီထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်မူ ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဝေါလေနယ်ရှိ ဦးကရစ်ခီး( KNLA/PDF )စခန်းတစ်ခုကို စစ်တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေဆုံးသူအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်း၊ ဒရုန်းနှင့် ယာဉ်များသိမ်းဆည်းရမိသည်ဟု ရေးသားဖော် ပြကြသည်။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမီးရှို့ခဲ့သည့် KNLA တပ်ရင်း ၁၀၃ ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ -KTLA ဌာနချုပ် ဥကရစ်ခီးစခန်းနှင့် ကိုက် ၁၀၀ ကျော် အကွာအဝေးသာရှိသည်ဟု သိရသည်။
ဝေါလေဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်း တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ကျေးရွာ ၁ဝ ရွာကျော်မှ ဒေသခံပြည်သူ ၃၀၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်ခိုလှုံထားနှင့်ခဲ့ပြီဖြစ်သည်။



















