Home သတင်း လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ်ပေးရန် KNU ဥက္ကဌ၊ KNLA စစ်ဦးစီးချုပ်တို့အား စစ်ကောင်စီ တောင်းဆို

လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ်ပေးရန် KNU ဥက္ကဌ၊ KNLA စစ်ဦးစီးချုပ်တို့အား စစ်ကောင်စီ တောင်းဆို

668

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မိမိ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့အား လိပ်မူ၍ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး KNU ဥက္ကဌနှင့် KNLA စစ်ဦးစီးချုပ် အပါအဝင် KNU ဗဟို ကော်မတီဝင်များအနေဖြင့် ကျိုးကြောင်းဆီလျော်စွာစဉ်းစားသုံးသပ်၍ လက်အောက်ခံ တပ်ဖွဲ့ ဝင်များ၊ KNDO တပ်ဖွဲ့ဝင်များအား ပြည်သူလူထုအကျိုးကို ကြည့်၍ အဖျက်လုပ်ရပ်များ မပြုလုပ် စေရေး ထိန်းသိမ်းကြပ်မတ်ပေးရန် အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း အဆိုပါ စာတွင် ဖော်ပြထားသည်။

အချက် (၇)ချက်ပါဝင်သည့် အဆိုပါ အကြောင်းကြားစာတွင် စစ်ကောင်စီအနေဖြင့် KNU အဖွဲ့ကို NCA အပစ်ရပ်အဖွဲ့အစည်းအနေဖြင့် ရှုမြင်သေးသော်လည်း KNU လက်အောက်ခံတပ်မဟာများ၊ KNDO နှင့် PDF အဖွဲ့များပူးပေါင်း၍ ၎င်းတို့ကို တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းများ ဆောင်ရွက် ခြင်းအပေါ် ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်လာသည့်အဖွဲ့များကိုသာ ပြန်လည်တိုက် ခိုက်ရခြင်းဖြစ်ကြောင်း ကနဦး ရေးသားထားသည်။

ထို့အတူ KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများကို ဝင်ရောက် ပစ်ခတ်ခြင်း၊ အစိုးရဌာနရုံးများ မီးရှို့ဖျက်ဆီးခြင်းများ၊ လမ်း/တံတားများကို မိုင်းထောင် ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ထိုလုပ်ရပ်များ ကြောင့် ပြည်သူလူထုများသာ ထိခိုက်နစ်နာစေကြောင်း ဖော်ပြရေးသားထားသည်။

သို့သော် ကေအဲန်ယူအနေဖြင့် စစ်တပ်၏ ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်စဉ်ကို လက်မခံကြောင်း တရားဝင် ထုတ်ပြန်ပြီးနောက် ပြီးခဲ့သည့်၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်တွင် ကရင်ပြည်နယ်အပါအဝင် ကေအဲန်ယူ ထိန်းချုပ် နယ်မြေများအတွင်း နှစ်ဖက်တိုက်ပွဲများ စတင်ပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းအချို့ကိုလည်း ကေအဲန်ယူဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့သို စခန်းသိမ်းတိုက်ပွဲများအပြင် မြို့တွင်းတိုက်ပွဲများပါ ဖော်ဆောင်လာသည့်အပေါ် စစ်ကောင်စီ ဘက်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး မြေပြင်ရှိ စစ်ကောင်စီ လက်နက်ကြီး ကုန်းများမှလည်း ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သလို သိန်းနှင့်ချီသည့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် အချက်ကိုမူ စစ်ကောင်စီစာတွင် ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။

သို့သော် စစ်ကောင်စီ၏ ရေးသားပေးပို့သောစာတွင် ယခင် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လမ်း၊ တံတား၊ တာဝါတိုင် ပစ်ခတ်ဖျက်ဆီးမှုများကို ကရင်ပြည်နယ်တွင် ၁၁၆ ကြိမ်၊ မွန်ပြည်နယ်တွင် ၃၁၇ ကြိမ်၊ ပဲခူးတိုင်းတွင် ၆၆၂ကြိမ် စုစုပေါင်း (၁၀၉၅) ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ဖော်ပြရေးသားထားပြီး အဆိုပါ စာတွင်လည်း သက်သေဓါတ် ပုံများကိုပါ ပူးတွဲပေးပို့လိုက်ကြောင်း ဆိုထားသည်။

ဆက်လက်ပြီး ကေအဲန်ယူခေါင်းဆောင်များအနေဖြင့်လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့် နေချိန် တွင် ဒေသဖွံ့ဖြိုးရေးလမ်း၊ တံတားများ၊ ပြည်သူနေအိမ်များ အစိုးရဝန်ထမ်းရုံးဌာများ ဆက်သွယ်ရေး အထောက်အကူပစ္စည်းများ မပျက်စီးပါက ငြိမ်းချမ်းရေး ပြန်လည်စတင်ချိန်တွင် နိုင်ငံတော် ဘဏ္ဍာကို သုံးစွဲ၍ နိုင်ငံတည်ဆောက်ရေးကို ဆုတ်ယုတ်မှုမရှိတိုးတက်အောင်ဆောင်ရွက်နိုင်မည်ကို စဉ်းစား သင့်ကြောင်း အကြံပေး တိုက်တွန်းထားသေးသည်။

ထိုစစ်ကောင်စီ၏ ပေးပို့စာကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ် ရှိန်မှ လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းပေးပို့စာနှင့်ပတ်သက်၍လည်း ကေအဲန်ယူဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးကြောင်း တွေ့ရသည်။