Home သတင်း ထိုင်းဘတ်ငွေစျေး မြင့်တက်မှုကြောင့် မြ၀တီဒေသခံများ မဲဆောက်မြို့ဘက် သွားလာနိုင်မှုနည်းပါးသေး

ထိုင်းဘတ်ငွေစျေး မြင့်တက်မှုကြောင့် မြ၀တီဒေသခံများ မဲဆောက်မြို့ဘက် သွားလာနိုင်မှုနည်းပါးသေး

759
Photo: Crd.

ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်းမြန်မာငွေကြေးကွာဟမှုမြင့်မားပြီး မဲဆောက်ဘက်သို့သွားလာစရိတ် ယခင်ထက် ပိုပေးရသည့်အတွက် မြ၀တီဒေသခံများ မဲဆောက်ဘက်သို့ အသွားအလာ၊ အလည် အပတ်၊ စျေးရောင်းစျေး ၀ယ်နည်းပါးနေသေးကြောင်း မြ၀တီဒေသခံ များက ပြောသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ပြန်လည်ဖွင့်လှစ် သွားလာခွင့်ပြုမှုစတင်သည့်အချိန်မှစ၍ မဲဆောက်မြို့ဘက်သို့ မြ၀တီ ဘက်အခြမ်းမှ ၀င်ရောက်သွားလာသူ တစ်နေ့လျှင် လူဦးရေ ၁၀၀ မှ ၃၀၀ ၀န်းကျင်ခန့်အထိသာ လာရောက်နိုင်သည့် အခြေအနေသာရှိနေသေးကြောင်း သိရသည်။

မြ၀တီမြို့ခံတစ်ဦးက “ထိုင်းဘတ်ငွေ စျေးက ဘတ်တစ်ထောင်ကို မြန်မာငွေတစ်သိန်းတစ်သောင်းကျော်၊ နှစ်သောင်း၀န်းကျင်ပဲရတော့ တော်တော်ကွာနေပြီလေ၊ တံတား၀င်ကြေး၊ ထိုင်းဘက်၀င်ကြေးတွေ က စျေး တက်တယ်၊ ကားခလည်းစျေးတက်တယ်။ ဆိုတော့ အသွားအပြန်နဲ့တင် မုန့်စားတာမပါ၊ စျေး၀ယ်တာ မပါပဲနဲ့ကို ဘတ် ၅၀၀ ၀န်းကျင်ကုန်နေပြီဆိုတော့ မိသားစုလိုက်သွားဖို့ဆို တစ်ခေါက်ကို ဘတ် ၄/၅ ထောင်မှ မပါရင် မဲဆောက်သွားဖို့ မလွယ်ပါဘူး။ မြန်မာဘက်ပြန်လာရင်လည်း ဟိုစစ်ဒီစစ် မေးမြန်းစစ်ဆေးတာတွေ ကလည်းရှိတော့ မဲဆောက် သိပ်မသွားလိုကြဘူး”ဟု ပြောသည်။

ထိုသို့ သွားလာရာတွင် မြန်မာဘက် လ၀ကမှ တစ်ရက်(သို့မဟုတ် ) တစ်ပတ်အတွက် စာအုပ်လုပ်ခ ၃ ထောင်ကျပ်၊ မဲဆောက်ဘက် တုံးထုခ ၆၀ ဘတ်၊ လိုင်းကားခ ၆၀ ဘတ်၊ အိမ်စီးလိုင်းကား ၁၀၀ ဘတ် ကုန်ကျလျက်ရှိသည်ဟု မြန်မာဘက်အခြမ်း တံတားတာ၀န်ကျ စစ်ကောင်စီ၀န်ထမ်းများ ပြောဆိုချက်အရ သိရ ပါသည်။

“မဲဆောက်ထဲ မြ၀တီကားက လိုင်စင်ကားပဲသွားလို့ရတယ်၊ ၀စ်သောက်(လိုင်စင်မဲ့)တွေ မရဘူး၊ လိုင်စင်ကားတွေ သွားလို့ ရဖို့ကလည်း ထိုင်းဘက်မှာ ၀င်ခွင့်၊ မောင်းခွင့်၊ အာမခံ လက်မှတ်တွေ လုပ်ရတယ်၊ နယ်ကျော်၊ ဂိတ်ကျော် နေရာတွေ လည်ပတ်ဖို့ဆိုလည်း ထိုင်းဂိတ်တွေကို ထပ်ပေးရတယ်ဆိုတော့ ကားစင်းလုံးငှား အလည်အပတ် အတွက်ဆို မဲဆောက် တစ်ခေါက် ၀င်ဖို့ လူကြေး၊ ကားကြေး ဘတ် ၅ ထောင်/ ၆ထောင် လောက်မှ အဆင်ပြေ တယ်၊ အရင်က ဘတ် ၃ ထောင်ဆို တံတားပိတ်ချိန် ည၈ နာရီအထိ တစ်နေကုန်လည်လို့ ရတယ်၊ အခုက ညနေ ၆ နာရီ အမှီပြန်၀င်ရတာမျိုးဖြစ်နေတော့ သွားလည်တဲ့ သူအတွက်လည်း မတန်သလို မောင်းရတဲ့ သူလည်း တွက်ခြေ မကိုက်တော့ ကားဆွဲတာတွေ သိပ် မရှိသေးဘူး ”ဟု မြ၀တီ မဲဆောက် စင်းလုံးငှားယာဉ်ပိုင်ရှင် က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်နှင့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ နယ်မြေ ရှင်းလင်းရေးထိုးစစ်ဆင် တိုက်ခိုက် နေမှုကြောင့် ဒေသအတွင်း ကရင်လက်နက်ကိုင် ပူးပေါင်းတော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ နေ့စဉ် လိုလို ဖြစ်ပွားနေသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိသည်ဟု ခရီးသွားလာသူများက ပြောသည်။

မြ၀တီ မြို့ဘက်တွင် စစ်ကောင်စီတပ်၊ BGF တပ်များနှင့် ပူးပေါင်းစီးပွားရေး လုပ်ဆောင်နေသူများအနေဖြင့် တရားမ၀င် စီးပွားရေး အခွင့်အလမ်းများဖြင့် ၀င်ငွေကောင်းနေကြသော်လည်း ဒေသခံ၊ မြို့ခံများမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသေးပြီး နေထိုင်စားသောက်မှုစရိတ် ဘတ်ငွေ /မြန်မာငွေ စျေးမတည်ငြိမ်မှုကြောင့် အခက် အခဲ ပိုမိုကြပ်တည်းလာနေကြောင်း မြို့ခံများက ပြောသည်။