Home သတင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးငယ် ၂ဦး ဒဏ်ရာပြင်းထန်

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးငယ် ၂ဦး ဒဏ်ရာပြင်းထန်

969
Photo: Crd.

ဖေဖော်ဝါရီလ(၂၁)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်အတွင်းရှိ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ− ၅၉၉) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညက ကျွန်းတောကျေးရွာထဲသို့ (၁၂၀ မမ) လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး ကျောင်းနေအရွယ်ကလေး ၂ ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ယနေ့ ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျွန်းတောကျေးရွာတွင်နေထိုင်သည့် မမြင့်မြင့်ဆန်း၏ သားအမိ သုံးဦးနေထိုင်သည့် အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက်(၃၈)နှစ်ရှိသူ မမြင့်မြင့်ဆန်းမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်ရှိခဲ့သည့် အသက်(၁၂)နှစ်အရွယ် သမီးမနှင်းမြတ်မွန် ညာဘက်ခြေထောက် ထိမှန်ကာ အသက်(၅)နှစ်အရွယ် သားဖြစ်သူ မောင်ရန်လင်းထက်မှာလည်း ဘယ်ဘက်ခြေထောက် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ထိခိုက် ဒဏ်ရာ ရရှိသွားသည့် ကလေးငယ်နှစ်ဦးကို ဖြူးမြို့ဆေးရုံသို့ ပေးပို့၍ ဆေးကုသမှုပေး ထားပြီး ၎င်းကလေးငယ်များအတွက်လည်း အကူအညီများ လိုအပ်နေကြောင်း နီးစပ်သည့် မိသားစုဝင်များက ဆိုသည်။

အလားတူ ၎င်းဖြစ်စဉ်နှင့်တစ်ပြိုင်နက် ည ၉ နာရီ ၁၅မိနစ်အချိန်တွင်လည်း စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၃၅၁) မှ သစ်ချဆိပ် ကျေးရွာတွင်းသို့ လက်နက်ကြီးဆက်လက်ပစ်ခတ်မှုကြောင့် နော်ထဲနေထူး ၏နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲသည့်အတွက် နေအိမ်ရှိပစ္စည်းများ မီးလောင်ပြာကျခဲ့ရသည်ဟုလည်း KNU က ဆိုသည်။

Photo: Crd.

ထို့အပြင် နတ်သံကွင်း-ကျောက်ကြီးကားလမ်း ပေါ်ရှိ ဆိတ်ကြီးတွင် ဂိတ်ချထားသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ-၆၀)သည် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် နိုတောတာကျေးရွာရှိ အသက်(၃၆)နှစ် စောပီးလီးနှင့် အသက်(၂၈)နှစ်ရှိ စောပီးပီတို့ညီးအစ်ကို နှစ်ဦးကို ဖမ်းဆီးချုပ် နှောင်ထားခဲ့ သည်ဟု ကေအဲန်ယူ ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသည့် ညီအစ်ကိုနှစ်ဦးမှာ မြို့ပေါ်သို့ ဖုန်းဝယ်ရန် ဆိတ်ကြီးတွင် စစ်ကောင်စီတပ်၏စစ်ဆေးမှုကိုခံခဲ့ရကာ စောပီးပီ၏ဖုန်း၌ ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲသည့် လက်နက် ကြီးအပိုင်းအစများ ရိုက်ထားသည့် ပုံများ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးရိုက်နှက် စစ်ဆေးခံရခြင်းဖြစ်ပြီး ယနေ့ အချိန်ထိလည်း ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေရှိ တာဝန်ရှိ သူများနှင့် ဒေသခံများကို ကေအိုင်စီ အနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပေ။