Home ဆောင်းပါး သမီးပညာရေးအတွက် ဝက်မွေးမြူနေသူ နန်းမူ

သမီးပညာရေးအတွက် ဝက်မွေးမြူနေသူ နန်းမူ

1298

သမီးပညာရေးအတွက် ဝက်မွေးမြူနေသူ နန်းမူ

ဖားတောနော်

(ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၂၃)

ဒေါနတောင်ခြေက ကျေးရွာတစ်ရွာမှာရှိတဲ့ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူခြံတစ်ခြံထဲမှာ ဝက်တွေကို အမျိုးသမီးတစ်ဦးက အစာကျွေးနေပါတယ်။ သူမဟာ နိစ္စဓူဝ ဆိုသလို သူမမွေးမြူထားတဲ့ ဝက်တွေကို အစာကျွေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်းတွေနဲ့ နေ့စဉ်နေ့တိုင်း အလုပ်ရှုပ်နေပါတယ်။

သူမကတော့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ပိုင်းရှိ ဖားအံခရိုင်၊ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေရှိ ဒေါနတောင်ခြေအနီးက ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ နန်းမူ ဖြစ်ပါတယ်။

သက်လတ်ပိုင်းအရွယ် ကရင်အမျိုးသမီး နန်းမူဟာ နေ့စဉ်နဲ့အမျှ သူမမွေးမြူထားတဲ့ ဝက်တွေနဲ့ပဲ အချိန် ကုန်ဆုံးလေ့ရှိပါတယ်။ သူမ မွေးမြူတဲ့ဝက်ခြံက ၁၅ ပေခန့်ရှည်ပြီး ၇ ပေလောက်သာ ကျယ်ဝန်းပါတယ်။ ဝက်ခြံလေးရဲ့အမိုးကိုတော့ ဒေသထွက်အင်ဖက်နဲ့ အုပ်မိုးထားတာ ဖြစ်ပါတယ်။

ဝက်ခြံရဲ့တိုင်လုံးတွေကို ဝါးဘိုးဝါးနဲ့ အသုံးပြုကာ ဆောက်လုပ်ထားသလို အောက်ခြေအခင်းကတော့ ၆လက် မ အထူခန့် ကွန်ဂရစ်အခင်းလောင်းပေးထားပါတယ်။ ကွန်ဂရစ်အုတ်နံရံနဲ့ ၃ ပေခန့်အမြင့်ပတ်လည် ကာရံထားတဲ့ သူမရဲ့ဝက်မွေးခြံငယ်ထဲမှာ နိုင်ငံခြားဝက်မျိုး ၁၆ ကောင် မွေးမြူထားတာကို တွေ့ရပါတယ်။

အသက် ၄၀ အရွယ် နန်းမူဟာ ဝိုင်းစက်တဲ့ မျက်နှာထားနဲ့ အရပ် ၅ ပေကျော်ရှိသူဖြစ်ပြီး သန်မာတုတ်ခိုင်တဲ့ ကိုယ်ခန္ဓာအနေအထားမျိုး ရှိသူပါ။ နန်းမူဟာ ထဘီကို ခပ်တင်းတင်းနဲ့ ခပ်မြင့်မြင့် ဝတ်ဆင်တတ်ပြီး အလုပ် တွေကိုလည်း ယောက်ျားသားတစ်ဦးလို လုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။ အိမ်ထောင်ကွဲမိခင် (Single Mother)တစ်ဦးဖြစ်တဲ့ နန်းမူဆီမှာ အသက် ၂၀အရွယ် သမီးတစ်ယောက်ရှိပါတယ်။ သို့သော် သမီးကိုတော့ ထိုင်းနယ်စပ်မှာ ကျောင်းထားပေးရင်း ပညာသင်စရိတ်အတွက် သူမက မိခင်တစ်ယောက်အားနဲ့ ရုန်းကန်ရှာဖွေနေပါတယ်။

နန်းမူရဲ့ရွာအနီးအနားက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ လယ်နဲ့ ဥယျာဉ်ခြံတွေကို အဓိကထား လုပ်ကိုင်ကြပြီး အသက်မွေးနေကြတဲ့ ရွာတွေဖြစ်ပါတယ်။ ဒေသခံအများစုက လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင် နေကြပေမယ့် အချို့ရွာသားက မြေပဲ၊ နှမ်း၊ ပြောင်းနဲ့ ရာဘာတွေကိုလည်း စိုက်ပျိုးလုပ်ကိုင် နေကြပါတယ်။ မွေးမြူရေးမှာတော့ တစ်ပိုင်တစ်နိုင် မိရိုးဖလာစနစ်နဲ့ ကြက်၊ ဘဲ၊ ဆိတ်၊ နွားနဲ့ ကျွဲတွေကိုလည်း မွေးမြူကြ ပါတယ်။ ဒီအနီးအနားမှာရှိတဲ့ ကျေးရွာတွေမှာ လူငယ်အများစုတွေကတော့ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ကြတာများတယ်လို့ ဆိုပါ တယ်။

ရွာခံလူငယ်တွေက ဒေသအတွင်း အလုပ်အကိုင် ရှားပါးလာတဲ့အတွက်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်နေကြပြီး ရွာမှာလူငယ်အနည်းငယ်လောက်ပဲ ကျန်ရှိနေပါတော့တယ်။ မိဘအများစုကလည်း စားဝတ်နေရေးအတွက်ကြောင့် သားသမီးတွေ ထိုင်းမှာသွားရောက်အလုပ်လုပ်ခိုင်းနေရပါတယ်။

မိဘတစ်ယောက်ဖြစ်တဲ့ နန်းမူကတော့ ပညာရေးကို အဓိက ဦးစားပေးတဲ့မိခင်ဖြစ်လို့ သမီးဖြစ်သူကို ထိုင်းနိုင်ငံမှာ အလုပ်မလုပ်စေဘဲ သူမရဲ့တစ်ပိုင်တစ်နိုင် မွေးမြူရေးအလုပ်လေးနဲ့ပဲ သမီးလေးရဲ့ပညာရေးစရိတ်နဲ့ မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းသွားနေတာပါ။

ကရင်လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်း ရိုးရာတစ်ခုက သမီးတွေ မင်္ဂလာဆောင်ရင် ကျွေးမွေးဧည့်ခံဖို့ဆိုပြီး သမီးရှင်တွေက ဝက်တစ်ကောင်ကို တော်တော်အကောင်ကြီးတဲ့အထိ မွေးမြူထားလေ့ရှိပါတယ်။ ရိုးရာနတ်ပူဇော်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဘာသာရေး ပွဲတော်မှာပဲဖြစ်ဖြစ် ဝက်တွေဟာ အဓိက ကျွေးမွေးဧည့်ခံတဲ့ အရာ တစ်ခုဖြစ်ပါတယ်။

ကေအဲန်ယူ နယ်မြေထဲရှိတဲ့ ကျောင်းသားတပ်မတော် အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေ ရွာတွေရောက်လို့ ရွာခံအိမ်တွေမှာတည်းခိုမယ်ဆိုရင် ရေတွင်းနီးနီး၊ အိမ်ကြီးကြီး၊ ဝက်အကောင်ကြီးကြီးနဲ့ အပျိုမလည်း ရှိရမယ်ဆိုပြီး ဒေသအလေ့အထ ပြောဆိုတတ်ကြပါတယ်။

နန်းမူဟာ အရင်က ဒေသဝက်တွေကိုပဲ မွေးမြူလာခဲ့တော့ အချိန်ကုန် လူပမ်းတဲ့အပြင် ငွေအမြတ် အစွန်းရ တာလည်း အလွန်နည်းပါးခဲ့ပါတယ်။ အခုလို နိုင်ငံခြား ဝက်မျိုးတွေကို မွေးမြူလာတာ သိပ်တော့ မကြာသေး ပေမယ့် ပထမဆုံး ၇ ကောင်လောက်ပဲ စမ်းသပ်မွေးမြူခဲ့ပါတယ်။ ဒေသဝက်မျိုးထက် အချိန်သက် သာပြီး အကျိုးပိုရှိတဲ့အတွက်ကြောင့် ဒုတိယအကြိမ်မှာ ဝက်တွေကို ထပ်တိုးပြီး မွေးမြူလိုက်ပါတယ်။ ဝက်မွေးမြူတဲ့ အပြင် နွား၊ ကြက်၊ ဘဲတွေကိုလည်း တစ်ပိုင်တစ်နိုင် စီးပွားအဖြစ် မွေးမြူထားပါသေးတယ်လို့ သူမက ဆိုပါတယ်။

ဒီဒေသမှာ ဝက်ဈေးကွက်ကတော့ အခိုင်အမာရှိနေပြီးသားမို့ အခုလို ဝက်အကောင်ရေ ထပ်တိုးပြီး မွေးမြူရတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ အထူးသဖြင့် ကရင်ဒေသတွေမှာ အခမ်းအနားပွဲတွေ၊ ရှင်ပြုရဟန်းခံ အလှူပွဲ တွေ၊ မင်္ဂလာပွဲတွေမှာ ဝက်သားဟင်းနဲ့ပဲ ကျွေးမွေးကြတာကြောင့် အဲလိုအချိန်အခါမျိုးတွေမှာ ဝက်တွေကို လိုသလောက် လိုက်ရှာဝယ်ယူလို့ မရရှိနိုင်ပါဘူး။

ဝက်ဈေးကွက်ရဲ့ ဝယ်လိုအား ရှိနေပေမယ့်လို့ သူမအနေနဲ့ ဒီထက်ထပ်မံတိုးချဲ့မွေးမြူလာဖို့အတွက် ရှိနေတဲ့ အခက်အခဲတွေကတော့ အဓိက ဝက်မွေးမြူရေးမှာ အရင်းအနှီးများတဲ့အတွက်ကြောင့်ပါ။ သူမဟာ မြန်မာငွေကျပ်သိန်း ၆၀ကျော် ရင်းနှီးထားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထိုင်းဘတ်ငွေ တစ်သောင်းကို မြန်မာငွေ ၁၀ သိန်းနီးပါးနဲ့ ငွေလဲနှုန်း ဈေးပေါက်နေပါတယ်။ ဝက်စားဖို့အစာတွေကလည်း ဈေးနှုန်းအဆမတန် မြင့်တက်လာနေပါတယ်။ စက်မှုထုတ်မွေးမြူ ရေးအစာတွေနဲ့ပဲ မွေးမြူရင် အမြတ်သိပ်မရှိလို့ အကျိုးအမြတ် ပိုမိုရရှိအောင် စက်မှုထုတ်အစာနဲ့ ဒေသထွက်အစာကို ရောစပ်ပြီး မွေးမြူမှသာ အမြတ်အစွန်း ပိုများလာတယ်လို့ သူမက အခုလို ပြောပါတယ်။

“ကျမကတော့ ဒီဝက်တွေကို ၄လ မွေးပြီး ထုတ်ရောင်းပါတယ်။ ပထမတော့ ကျမ‌ စမွေးတာ ဝက်တစ်ကောင်ကို အမြတ်က (ကျပ်) ၃သောင်းလောက်ပဲ ကျန်တယ်။ အရင်းဖယ်ပြီးပေါ့နော်။ အစာရဲ့ဈေးနှုန်းက အရမ်းမြင့် လာ တယ်။ အကယ်၍ အစာဈေး ဒီထက်နည်းနည်းလေး ဈေးသက်သာရင် အမြတ်က ပိုရှိလာမယ်။ အခုတော့ စက်ရုံက အစာနဲ့ ဒေသထွက်အစာနဲ့ ရောစပ်ပြီး ဒုတိယအသုတ် ပြန်မွေးကြည့်တာ နည်းနည်း ပိုအဆင် ပြေလာတာ တွေ့ရတယ်။”လို့ သူမက တွက်ချက်ပြီး ရှင်းပြပြောဆိုပါတယ်။

ယခုလက်ရှိ ဒေသမှာ ဝက်သားပေါက်ဈေးနှုန်းက ဝက်သားပေါက်တစ်ကောင်ကို မြန်မာငွေကျပ် တစ်သိန်း နှစ်သောင်းနဲ့ ဈေးပေးဝယ်ယူနေရပြီး အစာစရိတ်အတွက် သိန်း ၅၀ အရင်းအနှီးရှိတယ်လို့ ဆိုပါတယ်။

နန်းမူ ဝက်မွေးရာမှာကြုံရတဲ့ နောက်ထပ် အခက်အခဲတစ်ခုက နယ်မြေတည်ငြိမ်မှု မရှိတဲ့အတွက်ကြောင့် ဒေသခံတွေအနေနဲ့ မွေးမြူရေးကို ပိုမိုတိုးချဲ့လုပ်ကိုင်ဖို့အတွက် စိတ်အားထက်သန်မှု နည်းပါးကြတယ်လို့ သူမက ဆိုပါတယ်။

ဒေသတွင်းမှာ နယ်မြေတည်ငြိမ်မှုနဲ့ လုံခြုံမှုမရှိတဲ့အတွက် ဒေသတွေမှာ မွေးမြူထားကြတဲ့ ဝက်တွေကို လိုက် လံရှာဝယ်တဲ့ကိစ္စ အခုအခက်အခဲတွေရှိနေပြီး။ လိုသလောက် ရှာဝယ်လို့မရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ ဝက်တွေရဲ့ ဈေးကွက်က ရှိနေပြီးသားမို့ နေ့စဉ်နဲ့အမျှ လူတွေက စားသုံးနေကြတယ်လို့ ဝက်အဝယ်ဒိုတစ်ဦးက ဆိုပါတယ်။

သူက “ကျနော်တို့က ဝက်မွေးမြူသူတွေနဲ့ ချိတ်ဆက်ထားပါတယ်။ ရောင်းတော့မယ်ဆိုရင် သူတို့ ဆက်သွယ် လာကြပါတယ်။ ကျနော်တို့က အရှင်တစ်ကောင်လုံးကိုချိန်ပြီး တစ်ကီလိုကို ၇ ထောင်ကျော်၊ ၈ ထောင်ကနေ ၉ ထောင်အထိ ဈေးတက်ရင် တက်လာသလို ဝယ်ပေးပါတယ်။ အရင်က အရောင်းအဝယ် အဆင်ပြေပါတယ်။ အခုချိန်မှာတော့ နယ်မြေက မအေးချမ်းတော့ အရင်လို လိုက်မဝယ်နိုင်တော့ဘူး။”လို့ ပြောပါတယ်။

အကယ်၍များ နယ်မြေတည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိမယ်ဆိုရင် ကရင်ပြည်နယ်မှာ ဝက်မွေးမြူ ရေးလုပ်ကိုင်သူတွေ ပိုပြီးအဆင်ပြေစေမှာပါ။ ဒီဝက်မွေးမြူရေး လုပ်ငန်းဟာလည်း ဒေသခံတွေအတွက် အကျိုးအမြတ်ရရှိစေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ဝက်အဝယ်ဒိုင်က ထပ်လောင်း ပြောပြပါတယ်။

နယ်မြေတည် ငြိမ်အေးချမ်းမှုမရှိတော့ စီးပွားရေးနဲ့ စားဝတ်နေရေး ရုန်းကန်နေကြရတဲ့ နန်းမူတို့လို ဒေသခံ မွေးမြူရေးသမားတွေအတွက် မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာ စိတ်တထင့်ထင့်နဲ့ စောင့်ကြည့်ပြီး လုပ်ကိုင်စားသောက်ရတာကလည်း ရင်လေးစရာပါ။

ဘာအခြေအနေတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။ နန်းမူတစ်ယောက်ကတော့ သူမရဲ့နိစ္စဓူဝအလုပ်ဖြစ်တဲ့ ဝက်မွေးမြူရေးခြံထဲမှာပဲ သူမရဲ့ တစ်နေ့တာအချိန်တွေကို ကုန်ဆုံးနေဆဲပါပဲ။ လက်ရှိအချိန်မှာတော့ နယ်မြေ အခြေအနေအရ ဆက်လက်မွေးမြူနိုင်သေးတဲ့ အနေအထားဖြစ်တဲ့အတွက် ဟန်မပျက်ဘဲ ပုံမှန်အတိုင်း သူမလုပ်ကိုင်နေဆဲပါ။

ပိုင်ဆိုင်မှုမရှိတဲ့ သမီးအတွက် ရွေးချယ်စရာသိပ်မရှိဘဲ မိမိသဘောကျ စီမံဆောင်ရွက်ခွင့်မရှိတဲ့ အခြေအနေ။ မပိုင် ဝက်မွေးနေရတဲ့ နန်းမူဟာ သမီးပညာရေးဆိုတဲ့ တွန်းအားတစ်ခုကြောင့် ဒီဝက်မွေးတဲ့အလုပ်ကို ခွန်အားဖြည့် ကြိုးစားမွေးမြူနေမှသာ ချစ်သမီးအတွက် လစဉ်ပုံမှန်စရိတ်ကို ထောက်ပံ့ သွားနိုင်မှာ ဖြစ်ပါတယ်။