Home သတင်း မြဝတီ-မဲဆောက် အမှတ်(၁)တံတား ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ကောလာဟလ သတင်းများထပ်မံထွက်ပေါ်

မြဝတီ-မဲဆောက် အမှတ်(၁)တံတား ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ကောလာဟလ သတင်းများထပ်မံထွက်ပေါ်

1492
Photo: Crd.

ဇန်နဝါရီ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကို ဆက်သွယ်ထားသော မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည် ရေးတံတား မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကောလာဟလ သတင်းများ ထပ်မံထွက်ပေါ်နေပြီး ဖွင့်လှစ်နိုင်ခြင်းရှိမရှိနှင့်ပတ်သက်ပြီး အမျိုးမျိုးမှတ်ချက်ပေး ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ရက်နေ့က အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ် ထိုင်းဘက်ခြမ်းတွင် တံတား တာဝန်ရှိသူများနှင့် အလုပ်သမားများ စုပေါင်း၍ တံတားသန့်ရှင်းရေးနှင့် ဂိတ်အဆောက်အဦးငယ်များ ပြန်လည် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ယနေ့တွင်လည်း မြန်မာဘက်ခြမ်းမှ တံတားပေါ် လာရောက်စစ်ဆေးမှုများ ပြုလုပ်နေသည့် သတင်းဓါတ်ပုံများ ပေါ်ထွက်နေပြီး တံတားကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်းလည်း လူမှုစာမျက်နှာအချို့တွင် ရေးသားဖော်ပြနေကြကြောင်းတွေ့ရှိရသည်။

ပြီးခဲ့သည့်(၂၀၂၀)ခုနှစ် မတ်လ(၂၃) ရက်နေ့မှစပြီး ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော် ကြာ ပိတ်ထားရသည့် အဆိုပါ ချစ်ကြည်ရေးတံတားကို ကိုဗစ်တတိယလှိုင်းဖြစ်စဉ် နောက်ပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာဘက်ခြမ်းမှ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးခြင်းဖြစ်နိုင်ကြောင်း မဲဆောက်မြို့ရှိ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ထိုင်းဘက်ကတော့ ကိုဗစ်တတိယလှိုင်းကတည်းက ဖွင့်ဖို့အတွက် အစစအရာရာ ကျန်းမာရေးအရ အလုပ်သမားရေးရာ လဝကရေးရာ လူမှုဖူလုံရေးရာ သန့်ရှင်းရေးရာ လုံခြုံရေးရာ ထိုင်းဘက်က ရေးရာအဖြာဖြာ အကုန်လုံးအဆင်သင့်ဖြစ်နေပြီး။ ထိုင်း ဘက်က လက်ခုပ်တီးဖို့အတွက် ဘယ်ဘက်လက်ဝါးကို ဖြန့်ထားတယ်။ မြန်မာဘက်က ညာဘက်လက်ဝါး အလိုက်သင့် အလျားသင့်လိုက်ပြီးတော့ မတီးဘူး။ လုံခြုံရေး ကာ ကွယ်ရေး အကြောင်းပြချက်တွေနဲ့ အဲ့အတွက် ကျိန်းသေ ဧကန်ပြောလို့ မရဘူး” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းဘက်ခြမ်း၌ တံတားကို တစ်ခြမ်းဖွင့်ထားသော်လည်း တံတားဂိတ်ဝ များတွင် မည်သည့်ဝန်ထမ်းများကိုမျှ နေရာချထားခြင်းမျိုး မတွေ့ရကြောင်းနှင့် အလားတူ မြန်မာဘက်ခြမ်းတွင်လည်း တံတားတစ်ခြမ်းသာဖွင့်ထားပြီး သွားလာနိုင်ခြင်း မရှိသေးကြောင်းလည်း ဦးမိုးကြိုးက ဆက်ပြောသည်။

Photo: Crd.

နယ်စပ်ခရီးသည် ပို့ဆောင်ပေးနေသည့် ကားလုပ်ငန်းလုပ်ကိုင်သူများကလည်း ယခုရက်ပိုင်းအတွင်း တံတား ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ၎င်းတို့၏ လူမှုစာမျက်နှာများတွင် ရေးသားပြောဆိုထားသလို မြဝတီမြို့နေ လူထု အသိုင်း အဝိုင်းကြားတွင်လည်း တံတားဖွင့်လှစ်ချိန် နီးကပ်လာပြီးဖြစ်ကြောင်း စသည်ဖြင့် အမျိုးမျိုးရေးသား ဖော်ပြနေကြသည်ကို တွေ့ရသည်။

ထို့အတူ အမှတ် ၁ တံတားဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးမျိုးမှတ်ချက်ပေး ပြောဆိုနေကြသော်လည်း ၎င်းတို့၏လုံခြုံရေးအတွက် မြန်မာဘက်ခြမ်းမှ တံတားကို ဖွင့်လှစ်ပေးနိုင်မည်မဟုတ်ကြောင်း မဲဆောက်မြို့ရှိ နောက်ထပ် အလုပ်သမားအရေး ဆောင်ရွက်ပေး နေသူတစ်ဦးက ယခုလို မှတ်ချက်ပြုပြောဆိုသည်။

“မြန်မာဘက်ကတော့ နည်းနည်း သရုပ်ပြတာပေါ့လေ။ ဘာဖြစ်လဲဆိုတော့ သူတို့မှာ ညွှန်ကြားချက်ရှိတာကို ဖွင့်ရမယ်လို့။ အဲ့တော့ တံတား ဖွင့်ပြတာတွေ ကားအဝင်အထွက် လုပ်ပြတာတွေကို ဓါတ်ပုံတွေရိုက် ဗီဒီယိုတွေ ရိုက်တာတွေ လုပ်ကောင်းလုပ်လိမ့်မယ်။ ထိုင်းဘက်က အဆင်သင့်ဖြစ်ခဲ့တာတောင် မြန်မာဘက်က အဆင်သင့်မဖြစ်ခဲ့တာ တွေရှိခဲ့တယ်။ ဒါပေမဲ့ အဖြေကရှင်းပါတယ်၊ မြန်မာဘက်က ဖွင့်ခဲ့သည်ရှိသော် သူတို့လုံခြုံရေးအတွက် သူတို့ စိတ်မချရဘူးဖြစ်တဲ့ အတွက် တံတားဖွင့်ဖို့က လုံးဝမဖြစ်နိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတား၏ မြန်မာဘက်ခြမ်းနေရာတွင် အကြီးစား မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သေးပြီး ပြီးခဲ့သည့်နှစ် ဧပြီလ(၂၃)ရက်နေ့ ပေါက်ကွဲမှုတွင် လူနေအိမ်ဆိုင်ခန်းများအပါအဝင် ထိခိုက်ပျက်စီးမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ(၃)ရက်နေ့တွင်လည်း အမှတ် (၁)တံတားအား ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံအစိုးရက မေလ ၁ ရက်နေ့တွင် ပြင်ဆင်ဆောင် ရွက်မှုများပြုလုပ်ထားသလို မြန်မာဘက်အခြမ်း တံတားဂိတ် ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီဌာနဆိုင်ရာ၀န်ထမ်းများက သန့်ရှင်းရေးများ ပြုလုပ်ခဲ့သေးသော်လည်း တံတားကို ယနေ့အချိန်ထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်းတွေ့ရသည်။

နှစ်နိုင်ငံ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း အမှတ်(၂) တံတားကိုမူ ပုံမှန် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရန် ဖွင့်လှစ်ထားပေးသလို ကုန်တင် ယာဉ် တချို့လည်း အကန့်အသတ်ဖြင့် သွားလာဝင်ထွက်နေကြောင်း နယ်စပ်တွင် နေထိုင်းသူများထံမှ သိရသည်။