Home သတင်း တိုက်ပွဲယာယီငြိမ်သက်နေသဖြင့် ပိတ်ထားသည့် မြဝတီ−အာရှကားလမ်းမကြီးကို ယာဉ်မောင်းများ ပြန်လည်သွားလာနေ

တိုက်ပွဲယာယီငြိမ်သက်နေသဖြင့် ပိတ်ထားသည့် မြဝတီ−အာရှကားလမ်းမကြီးကို ယာဉ်မောင်းများ ပြန်လည်သွားလာနေ

959

ဇန်နဝါရီ ၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြ၀တီ−အာရှလမ်းမကြီးကို တိုက်ပွဲကြောင့် ဒီဇင်ဘာလကုန်ပိုင်းက ယာယီ ပိတ်ထားရာမှ ယခုရက်ပိုင်းအတွင်း အာရှလမ်းအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ငြိမ်သက်နေသောကြောင့် ကားသမားများအနေဖြင့် အာရှလမ်းမကြီးကို ပြန်လည်အသုံးပြုကာ သတိထား သွားလာနေကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက ကော့ကရိတ်မြို့အနီးဝန်းကျင်နှင့် ကြာအင်းဆိပ်ကြီးမြို့များတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် များအကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် အာရှလမ်းမကြီးကို သွားလာမှု ယာယီပိတ်ထားရာမှ ယခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့မှစ၍ မြဝတီ−အာရှလမ်းမကြီးကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တရားဝင် ထုတ်ပြန်ချက်ဖြင့် ဖွင့်ပေးထားခြင်းမရှိသော်လည်း ပြန်လည်သုံးပြုသွားလာနေကြခြင်းဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“အာရှလမ်းပြန်ဖွင့်တာက ၂ရက်ရှိပြီး။ တိုက်ပွဲသံတော့ငြိမ်နေတယ်။ အခြေအနေကတော့ မကောင်းဘူး။ လမ်းကတော့ ဖွင့်ပေးထားတာတော့ မဟုတ်ဘူး။ သွားချင်တဲ့သူတော့သွားကြပေါ့။ ဦးက တော့ ကားအရှေ့ကို ဘယ်တော့ လက်နက်ကြီးလာကျမလဲ မသိဘူးလေ။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ သွားနေရတယ်။ ဒါမဲ့လည်း နောက်မှာ မိသားစုကလည်းရှိသေးတော့ မောင်းရတာပေါ့။ ထို့ကော်ကိုးလမ်းကပဲ သွားနေတဲ့ကားတွေလည်း ရှိသေးတယ်။ ဦးလည်း ပြန်လို့အချိန်မမှီမှ အာရှလမ်းက ပြန်ဆင်းတယ်။ အရင်က ကျိုးနေတဲ့တံတားတွေလည်း ဘာမှပြန်မပြင်ရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့က ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကုန်ကားများနှင့် ခရီးသည်တင်ကားများ ပိတ်ဆို့ခဲ့ပြီး မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီးရှိ တံတားမှာလည်း အောက်ခြေတိုင်များ ပျက်စီးနေသောကြေင့် ကုန်တင်ကားကြီးများ သွားလာ၍မရဘဲ လမ်းများပိတ် ဆို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နှစ်ဖက် ထိပ်တိုက် တိုက်ပွဲများ မရှိသေးသော်လည်း စစ်ကောင်စီတပ်များက အာရှလမ်းအနီးတစ်ဝိုက်ရှိ ကော့နွဲကျေးရွာနှင့် အနီးအနားကျေးရွာများထဲသို့ ညစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ရွာခံပြည်သူများမှာ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု တိမ်းရှောင်နေရသူရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးက ညတိုင်းပစ်နေတာပဲ။ အထိအခိုက်တော့ မရှိဘူး။ ကော့နွဲရွာဆို လုံးလုံး ပြန်မရဲဘူး။ တခြားရွာတွေလည်း ပြေးနေရတုန်းပဲ”ဟု ၎င်းရွာသားက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များနှင့် (KNLA)ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသဖြင့် စစ်ကောင်စီတပ်များက သင်္ကန်းညီနောင် ဂိတ်အဝင်အထွက်နေရာများနှင့် အခြားသောဂိတ်များ တွင် စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေသောကြောင့် ကုန်သွယ်ရေးပို့ဆောင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုလည်း ယာဉ်မောင်းများက ဆိုသည်။