Home သတင်း KNU တပ်မဟာ(၆)နယ်မြေတွင် တစ်ပတ်အတွင်း စစ်ဘေးရှောင် တစ်သောင်းကျော်ထပ်တိုးလာ

KNU တပ်မဟာ(၆)နယ်မြေတွင် တစ်ပတ်အတွင်း စစ်ဘေးရှောင် တစ်သောင်းကျော်ထပ်တိုးလာ

931

ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေတွင် ယခုလ ရက်သတ္တတပတ် အတွင်းထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံစစ်ရှောင်ပြည်သူ တစ်သောင်းကျော် ထပ်တိုးလာသည်ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူများက ပြောသည်။

တပ်မဟာ(၆)နယ်မြေတွင် ယခင်နှစ်ကုန်ပိုင်းမှစတင်ကာ ယခုအချိန်ထိ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်း ထန်လာပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် အသုံးပြုပစ်ခတ်နေသည့်အတွက် သောင်းနှင့်ချီသော ဒေသခံအရပ်သားပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

စစ်ရှောင်ပြည်သူများအား ကူညီထောက်ပံ့မှု ပေးနေသည့် ပြည်တွင်း‌ နေရပ်စွန့်ခွာရသူ ကရင်ပြည် သူများဆိုင်ရာ‌ကော်မတီ -CIDKP အဖွဲ့ဒုတာဝန်ခံ စောခဲလေက “ရွာထဲမှာဗုံးကြဲတယ်၊ လက်နက်ကြီးတွေ ပစ်တာတွေရှိတယ်။ မနေ့ကလည်း လေယာဉ်နဲ့ဗုံးလာကြဲသွားတာ တွေလည်းရှိတယ်။ သဘောက အရင်က တိုက်ပွဲမဖြစ်တဲ့နေရာတွေတောင် ဖြစ်လာတဲ့ အခြေအနေမှာရှိတာပေါ့နော်။ အဲဒီတော့ စစ်ရှောင်တွေရဲ့ဦးရေက ကျနော်တို့ အတိကျမသိဘူး၊ ဒါပေမယ့် ကျနော်တို့ခန့်မှန်းတာ အနည်းဆုံး သောင်းဂဏန်း အထက်မှာတော့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် အရေးပေါ်အစားသောက်နှင့် ဆေးဝါးများလိုအပ်သည့်အပြင် လက်ရှိအချိန်တွင် အေးသည့်ရာသီဖြစ်နေသည့်အတွက် အနွေးထည်နှင့်စောင်များလည်း လိုအပ်နေပြီး စစ်ရှောင်များထဲတွင် နာမကျန်းသူနှင့် မွေးကင်းစ မိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ် နှင့် သက်ကြီးရွယ်အိုအများအပြားလည်း ပါဝင်သည်ဟု CIDKP အဖွဲ့ထံမှ သိရသည်။

“တချို့က တောထဲကခြံတွေထဲမှာ ဟိုတစ်စုဒီတစ်စုလိုက်ရှောင်တော့ သူတို့အခက်အခဲတွေကိုတော့ မသိရဘူး။ ဒါပေမယ့် အေးတဲ့ရာသီဆိုတော့ သက်ကြီးတဲ့လူနဲ့ ကလေးတွေ တော်တော်အခက်အခဲရှိတယ်။ အနီးအနား တော်တော်များများရွာက စစ်ရှောင်ရတော့ ကူညီဖို့က အခက်အခဲရှိတယ်”ဟု ဒေသအတွင်း စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ရက်အထိ ကေအဲန်ယူ တပ်မဟာ(၆)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်လိုလိုလုပ်ဆောင်သည့်အတွက် ဒေသခံအရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသအတွင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

လက်ရှိအချိန်တွင် ဒေသတွင်း တိုက်ပွဲကြောင့် ကေအဲန်ယူ ဝင်းရေးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံ အရပ်သားပြည်သူများ၊ ကြာအင်းဆိပ်ကြီးမြို့အနီးအနားကျေးရွာနှင့် ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူမြို့ကြားရှိ ကျေးရွာများမှ ဒေသခံအရပ်သားပြည်သူအမြောက်အများလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင်လည်း ပြီးခဲ့သည့် ရက်အနည်းက ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာ၊ ရွာသစ်ကုန်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံအရပ်သားပြည်သူ နှစ်ထောင်ကျော်လည်း အိုးအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

ပြည်တွင်း‌နေရပ် စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ကော်မတီ -CIDKP ကောက်ခံထားသည့် စာရင်းအရ ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)နယ်မြေအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄ သိန်းကျော်ရှိသည်ဟု ကော်မတီဒုတာဝန်ခံဖြစ်သူ စောခဲလေက ကေအိုင်စီသို့ ပြောဆိုထားသည်။