Home သတင်း ခရီးသည်တင်ကားအား KNLA နှင့် PDF ပူးပေါင်းဓားပြတိုက် ဆိုသည်မှာ သတင်းအမှားဖြစ်

ခရီးသည်တင်ကားအား KNLA နှင့် PDF ပူးပေါင်းဓားပြတိုက် ဆိုသည်မှာ သတင်းအမှားဖြစ်

992

ဇန်နဝါရီ ၁၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေသော ရွှေလရောင်ခရီးသည်တင်ကားကို တောနော်ရေတံခွန်နှင့် ဆိတ်ဖူး တောင်အကြား၌ KNLA နှင့် PDF များက တားဆီးဓားပြတိုက်၍ ကားလမ်းမကြီးအား မှိုင်းခွဲခဲ့သည်ဟု ‘Ba Nyunt’ တယ်လီဂရမ်ချန်နယ်မှ ဇန်နဝါရီလ (၁၁)ရက် ယမန်နေ့က ဖြန့်ဝေဖော်ပြခဲ့သည်မှာ သတင်းအမှားသာဖြစ်ကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ ‘Ba Nyunt’ ချန်နယ်တွင် “KNLA နှင့် PDF များက ခရီးသည်တင်ကားအား တားဆီးပြီး ယာဉ်ပေါ်ပါခရီးသည်များ၏ လက်ဝတ်ရတနာ၊ ဖုန်း၊ တန်ဖိုးကြီး ပစ္စည်းများနှင့် ငွေကြေးများ ဓားပြတိုက် အတင်းအဓမ္မ ယူဆောင်သွားကာ ကားလမ်းမကြီးအား မိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့် ကားမှန်သုံးချပ် ပျက်စီးခဲ့သည်။”ဟူ၍ ကားလမ်းမကြီး မိုင်းထိထားသော ဓာတ်ပုံ ၂ပုံ၊ ရွှေလရောင်မော်တော်ယာဉ်ပုံ ၃ပုံဖြင့် ရေးသားဖော်ပြထားသည်။

မြဝတီ-ကော့ကရိတ်သွားသည့် အဝေးပြေး အာရှလမ်းမကြီးတွင် ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ဓားပြတိုက်သည့် သတင်းနှင့်ပတ်သက်၍ မကြားသိရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်များအရ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အာရှလမ်းပေါ်၌ ကုန်တင်ယာဉ်မောင်းနှင် သွားလာနေသူတစ်ဦးကို ဇန်နဝါရီ ၁၁ရက်နေ့တွင် ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ “မိုင်း ဘယ်သူဆွဲလဲတော့ မသိဘူး။ မိုင်းဆွဲတာ ကားတစ်စီး ခေါင်းပိုင်းထိသွားတယ်။ အခုတော့ ကားကို ပြန်ဆွဲသွားပြီ။ လမ်းအလယ်မှာ အပေါက်ကြီးဖြစ်သွားပေမယ့် လမ်းကျယ်တော့ ဘေးနှစ်ဖက်ကနေ ကားတွေသွားလာလို့ ရနေသေးတယ်။ ပြီးတော့ မနက်က လက်နက်ကြီးသံတွေကြားရတယ်။ တိုက်ပွဲဖြစ်လို့ လမ်းကိုခဏပိတ်ပြီး အခုတော့ ပြန်ဖွင့်ပေးထားတယ်။”ဟုလည်း ပြောသည်။

ထို့အပြင် စစ်ရေးလှုပ်ရှားမှုများရှိသည့်အချိန်တွင် ကေအဲန်ယူဘက်မှ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် အသိ ပေးထားသော်လည်း စစ်ကောင်စီနှင့်ပတ်သက်သောသူများက လုံခြုံရေးယူကာ သွားလာလေ့ရှိကြောင်း ကော့ကရိတ်နယ်မြေခံ KNU တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့လူတွေ ဓားပြတိုက်တာ မရှိပါဘူး။ စစ်ကောင်စီဘက်ကတော့ ပေါက်ကရသတင်းတွေ လိုက်တင်နေကြတာပဲ။ အာရှလမ်းမှာ ပြည်သူတွေဆီ က အခွန်ကောက်တာလည်း သူတို့ပဲရှိတယ်။ အခြေအနေမကောင်းရင် လမ်းမကြီးကိုအသုံးမပြုဖို့ ဒေသခံတွေကို ကျနော်တို့ အသိပေးနေကျပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းသတင်းမှားကို ဖြန့်ဝေသော “Ba Nyunt” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှာ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများသာ ရေးသားလေ့ရှိကာ Subscribe လုပ်သူ ၄ သောင်း ၂ထောင်ကျော်ရှိနေပြီး အခြားဝါဒဖြန့်ချန်နယ်များဖြစ်သော “မှိုင်းဝေ, Ko Thet” အစရှိသည့် Subscribers အရေအတွက် သောင်းချီရှိသော တယ်လီ ဂရမ်ချန်နယ်များကလည်း အဆိုပါသတင်းအမှားအား ထပ်ဆင့်ကူးယူ ဖြန့်ဝေလျက်ရှိသည်။