Home သတင်း ကော့ကရိတ်တောင်ပိုင်း စစ်ဘေးရှောင်များ ရင်ဖွင့်သံ

ကော့ကရိတ်တောင်ပိုင်း စစ်ဘေးရှောင်များ ရင်ဖွင့်သံ

1121

ဇန်နဝါရီလ ၆ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့တောင်ပိုင်း ကျေးရွာများတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်ပွဲပြင်းထန်လာသည့်အတွက် ကော့နွဲ၊ ရွာသစ်ကုန်း၊ တတန်ကူး၊ အံကလော်၊ ကျောက်စရစ်ကုန်းနှင့် မြို့ဟောင်း စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် အသက်ဘေးလွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်သောကြောင့် လူ၊ အိမ်မွေးတိရစ္တာန်များ ထိမှန်သေဆုံးခဲ့ရသလို လူနေအိမ်၊ ဥယျာဉ်ခြံအများအပြားလည်း ကျည်ထိမှန် ပျက်စီးခဲ့ရသည်။ ထို့အပြင် လူနေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံရသလို အိမ်အများအပြားလည်း ဖောက်ထွင်းခံရသည်။
အဆိုပါ စစ်ရှောင်နေကြသော စစ်ဘေးရှောင် ဒေသခံအချို့၏ အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

မြို့ဟောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး
မြို့‌ဟောင်းရွာအနီးက ရွာ‌တွေအားလုံး အခက်အခဲတွေအများကြီး ရှိတယ်။ ကျန်းမာရေးကော၊ အစား အသောက်ကော၊ နေထိုင်ရေးအတွက်ကောအကုန်လုံးခက်ခဲတယ်။ လိုအပ်တာလည်းအများကြီးရှိတယ်။ လိုအပ်ချက်က အကုန်လုံးဖြစ်နေတော့ ဘယ်လိုလဲပြောမတတ်တော့ဘူး။ ဆေးဝါးတွေအစားအစာတွေ နွေးနွေး ထွေးထွေးနေရဖို့စောင်တွေ၊ အဝတ်အထည်တွေလိုအပ်တယ်။

ကော့နွဲရွာမှာ အိမ်သုံးလုံးလား ဘယ်နှစ်လုံးလဲမသိဘူးမီးရှို့ခံရတယ်ကြားတယ်။ အိမ်မီးရှို့ခံရလို့ ကြားတဲ့လူက ဝမ်းနည်းတယ်။ ရောဂါတိုးလာတာ၊ မကျန်းမာဖြစ်တာပေါ့။ ဝမ်းနည်းပြီးငိုတာရှိတာပေါ့။ ကျွဲးနွားတွေဆုံးရှုံးတဲ့လူလည်း အများကြီးရှိတယ်ပေါ့နော်။ ရွာမှာ ဖောက်ထွင်းခံရတဲ့အိမ်တွေကော ပစ်ခတ်ခံရတဲ့အိမ်တွေကောရှိတယ်။ အဲ့လိုဆိုတော့ စိတ်ညစ်ရ၊ စိတ်ရှုပ်ရ၊ ဝမ်းနည်းကြတာပေါ့။ အခုစစ်မြန်မြန်ပြီးစေချင်တယ်။ မြန်မြန်တိုက်၊ မြန်မြန်ပြီးသွားချင်တယ်။ ရွာသားတွေ အေးအေးဆေးဆေးစိတ်ချမ်ချမ်သာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံးပြန်နေချင်တယ်။


မြို့ဟောင်းကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦး
ရွာမှာလက်နက်ကြီးနှင့်‌ ‌‌လေယာဥ်‌တွေ အကြောက်ဆုံးပေါ့။ လက်နက်ကြီးတွေအရမ်းထုတော့စိုးရိမ်ရတယ်။ ကလေးကစ လူကြီးအားလုံး တိမ်း‌ရှောင်ရတယ်။ လူကြီးက ပိုဆိုးတယ်။ အခုကရာသီဥတုက အေးတယ်။ အစားအသောက်က ထောက်ပံ့မှုရတယ်။ ဒါပေမဲ့အခက်အခဲတော့ရှိတယ်။ လာရောက်ထောက်ပံ့တဲ့သူတွေကိုလည်း အများကြီးကျေးဇူးတင်တယ်။

ဒီလိုမျိုးရှေ့ဆက်သွားပြီးစစ်ဖြစ်နေရင် ကျနော်တို့အကုန်လုံး ဒုက္ခတော့ပိုများလာမယ်။ အိုးအိမ်တွေ၊ တိရစ္ဆာန်‌တွေ အကုန်လုံး အစစရာရာပေါ့နော်။ အခုကိုယ်လုပ်ထားတဲ့အလုပ်တောင်မှမလုပ်ရဲဘဲ ချန်ထားခဲ့ရတယ်။ တာဝန်ရှိတဲ့လူကြီးတွေ ကျနော်တို့ကိုငဲ့ပြီး ဒီထက်မဆိုးရွားအောင်၊ ကောင်းအောင်ညှိနှိုင်းပေးကြပေါ့။ ကျနော်က အဲ့လိုပဲပြောချင်တယ်။

အံကလော်ကျေးရွာမှ စစ်ဘေးရှောင်ဒေသခံတစ်ဦး
ပစ္စည်းတွေလည်းယူချိန်မရဘူး။ စားစရာတော့နည်း နည်းပါးပါးပဲပါလာတယ်။ အစားအစာဘက်မှာလည်း အခက်အခဲရှိတယ်။ ပြေးတဲ့ရွာမှာဆေးဆရာ ရှိရင်တော့ နေမကောင်းဖြစ်ရင် သူတို့ကိုသွားပြောပြီး နည်းနည်းပါးပါးကူညီ‌တောင်းလို့ရတယ်။ များများလည်း မကူညီနိုင်ဘူးလေ။ သူများရွာဆိုတော့ရှာစားလို့လည်း မတတ်ဘူ။ အခက်အခဲတော့ရှိတာပေါ့။

ဒီလိုပြေးနေရတော့ စိတ်ထဲမှာတော့ အခက်အခဲတွေအများကြီးရှိတာပေါ့။ ကိုယ့်ရွာမဟုတ်တော့ ကိုယ့်ရွာလိုနေလို့အဆင်မပြေဘူး။ သွားလာလို့လည်း မပျော်ဘူး။ စိတ်ညစ်တာတော့ ရှိတာပေါ့။ မတတ်နိုင်ဘူး ဒီလိုပဲနေရတာပေါ့။

အိမ်တွေတော့ လက်နက်ကြီးထိလို့ပျက်စီးတာ၊ မီးရှို့ခံရတာရှိတယ်ကြားတယ်။ ပြန်ကြည့်လို့မရဲဘူး အဲ့လိုမီးရှို့ခံတာကြားတော့ စိတ်မကောင်းဘူးပေါ့။‌ ကုန်ဈေးနှုန်းလည်းကြီးတယ်။ ရှာရတာလည်းမလွယ်ဘူး။
နောက်ပြီး အိမ်ကပစ္စည်းတွေခိုးယူတာ၊ ဖောက်ထွင်းခံရတာလည်းရှိတယ်ကြားတယ်။ ပြေးတုန်းက လည်းပစ္စည်းတွေယူမအားဘူး။ ဘာမှတော့လုပ်မတတ်ဘူး။ ပစ္စည်း‌ေတွ ပြန်ယူလို့ရဲရင်ပြန်ယူမှာပေါ့။

Photo: CJ

ကော့နွဲရွာမှ စစ်ရှောင်အမျိုးသားတစ်ဦး
ရာသီဥတုကလည်းအေးတယ်။ ကိုယ့်အိမ်ကိုယ့်ရွာမဟုတ်တော့ ဒုက္ခတော့ရှိတာပေါ့။ ကူညီထောက်ပံ့မှုတွေတော့ရှိတယ်။ ဒါပေမဲ့လုံလောက်မှုတော့ မရှိဘူးပေါ့။ ပြေးလာတဲ့အထဲမှာ အသက်ကြီးသူတွေ၊ ဗိုက်ကြီးသည်တွေ၊ ကလေးတွေလည်းပါတယ်။ လာရောက်ကူညီတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။

ရွာထဲမှာတော့မီးလောင်တဲ့အိမ်‌တွေရှိတယ်။ ဘယ်သူ့အိမ်တွေပါလည်းတော့‌ သေချာမသိဘူ။ ကိုယ့်အိမ်ပါလား မသိဘူး။ ပြန်ကြည့်လည်းမရဲဘူး။ ပြန်ကြည့်လို့ စစ်ကောင်စီတွေ့ရင် ပစ်သတ်ခံရမလား။ အိမ်လည်းစိတ်ပူတယ်။ အိမ်က မီးရှို့ခံရရင် ပြန်ဆောက်ဖို့ အခက်အခဲရှိတယ်။

တိုက်ပွဲကမဖြစ်စေချင်ဘူး။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒီလိုဖြစ်လာတာပေါ့။ စစ်တပ်အာဏာမ သိမ်းရင်တော့ ဒီလိုကြီးကြီးမားမားဖြစ်လာမှာမဟုတ်ဘူး။ ကျနော်တို့လည်းရွာပြန်နေချင်တယ်။ ရွာသားတွေကလည်း တိုက်ပွဲမရှိရင် ပြည်သူတွေစိတ်ချမ်းချမ်းသာသာနေရတာပေါ့။ တိုက်ပွဲမဖြစ်ရင် ကောင်းတာပေါ့။ တိုက်ပွဲဖြစ်ရင် ရွာထဲမှာ မလုပ်နဲ့ပေါ့။ ဒါက ကျနော်တို့လည်း ပြောလို့မရဘူး ၊ တိုက်ပွဲကရွာထဲဖြစ်ရင်ရွာသားတွေက ထွက်ပြေးရတာပေါ့။