Home သတင်း ကရင်လက်နက်ကိုင်ခေါင်းဆောင်များအား စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအပေါ် ဝေဖန်မှုများရှိနေ

ကရင်လက်နက်ကိုင်ခေါင်းဆောင်များအား စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအပေါ် ဝေဖန်မှုများရှိနေ

999

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် စစ်ကောင်စီက ကရင်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အား ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်ခဲ့ခြင်းအပေါ် ကရင်လူမှုအသိုင်းအဝိုင်းကြားတွင် ထောက်ပြဝေဖန်လျက်ရှိသည်။

ဇန်နဝါရီလ (၁)ရက်နှင့်(၂)ရက်နေ့တွင် ကျင်းပသည့် အဆိုပါအခမ်းအနား၌ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကေအဲန်ယူ ဥက္ကဌဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး၊ ကေအဲန်ယူ ပဒိုအောင်ဆန်းအဖွဲ့ နှင့် ကွယ်လွန်သူ KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီ ဗိုလ်ချုပ်စောဌေးမောင်တို့အား ဂုဏ်ထူးဆောင်ဝဏ္ဏကျော် ထင်ဘွဲ့အသီးသီးပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အလားတူ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး(DKBA)၏ စစ်ဦးစီးချုပ် ဦးကျော်သန်းနှင့် နယ်ခြားစောင့်တပ်-BGFများ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့အား ဂုဏ်ထူးဆောင် သီရိပျံချီဘွဲ့များချီးမြှင့်ခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကေအဲန်ယူခေါင်းဆောင်အား ရွေးချယ်ဂုဏ်ပြုဘွဲ့ ပေးအပ်ချီးမြှင့်ရခြင်းမှာ ၎င်းတို့၏အကျိုးစီးပွားကြောင့်ဖြစ်နိုင်သလို အာဏာသိမ်းမှုအပေါ် စစ်ကောင်စီ၏နောက်တွင် ထောက်ခံပေးသူများရှိနေသကဲ့သို့ မြင်စေလိုခြင်းနှင့် ကရင်လူထု၏အမြင်ကိုဝေဝါးစေရန် သွေးခွဲခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကရင်လူငယ်တစ်ဦးက ထောက်ပြဝေဖန်လိုက်သည်။

အဆိုပါ လူငယ်က “ဆုပေးတဲ့အပေါ်မှာ ခေါင်းဆောင်ကြီးက လက်ခံလိုက်တဲ့အတွက် ကရင့်တော်လှန်ရေးကို အများကြီးသက်ရောက်မှုရှိသွားပါတယ်။ ခေါင်းဆောင် ကိုယ် တိုင်က ကရင်တစ်မျိုးသားလုံးကို သစ္စာဖောက်တဲ့ပုံစံမျိုးလည်း ဖြစ်တယ်။ တစ်ဖက်မှာ တော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေး၊ မိသားစုကို စတေးခဲ့ရတဲ့တောထဲမှာ အနစ်နာခံနေရတဲ့ရဲဘော်တွေကိုလည်း စိတ်ဓာတ်ခွန်အားကျဆင်းစေတယ်။ ခေါင်း ဆောင်တစ်ယောက်ရဲ့လုပ်ရပ်က လူမျိုးစုတစ်ခုလုံးရဲ့သိက္ခာကိုလည်း ကျစေပါတယ်။” ဟု ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းပြည်အကျိုးလုပ်ဆောင်နေသူများအား ချန်လှပ်ထားပြီး ၎င်းနှင့်ဆက်စပ်နေသောသူများကိုသာ ဆုပေးခြင်းထင်ရှားသကဲ့သို့ တိုင်းရင်းသားအဖွဲ့အစည်းတစ်ချို့ပါဝင်ရခြင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လုပ်ဆောင်နေသည့်အလားဟန်ပြလိုခြင်းဖြစ်သည်ဟု ထင်မြင်မိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ယခုလိုသုံးသပ်သည်။

“ပြည်သူတွေခန့်အပ်ထားတဲ့ အစိုးရလက်ထဲက အာဏာကိုသိမ်းယူပြီး သူတို့ရဲ့ဖွဲ့စည်းပုံကို ကိုယ်တိုင်ချိုးဖောက်လိုက်တဲ့အဖွဲ့၊ မြို့တွေရွာတွေကို အကြမ်းဖက်မှုမျိုးစုံ ကျူးလွန် နေတဲ့အဖွဲ့က ပေးတဲ့ဆုကို သွားယူရမှာ ကျနော်အနေနဲ့ဆိုရင်တော့ ကျောချမ်းတယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့သူကပေးတဲ့ဘွဲ့တံဆိပ်ကိုမယူသင့်ဘူးလို့ ယူဆတယ်။” ဟု ၎င်းက ထောက်ပြသည်။

ယခုလို ဂုဏ်ပြုချီးမြှင့်ရခြင်းမှာ အေးချမ်းသာယာပြီး ခေတ်မှီသောနိုင်ငံတော် တည် ဆောက်ရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ လွတ်လပ်ရေးရရှိရန်နှင့် အဓွန့်ရှည်ရန် အသက်ခန္ဓာပေးအပ်ခဲ့ကြသူများနှင့်ဂုဏ်ပြုချီးမြှင့်ထိုက်သူအားလုံးကို ချီး မြှင့်ခြင်းဖြစ်ကြောင်း၊ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခြင်း မပြုနိုင်သည့်ပုဂ္ဂိုလ် များအနေဖြင့် သားစဉ်မြေးဆက်ဂုဏ်ယူစရာအဖြစ် နိုင်ငံအတွက်ဆောင်ရွက်ခဲ့သည့် ဂုဏ်ကို ဆက်လက်စောင့်ထိန်းပေးရန် စစ်ခေါင်းဆောင်က အခမ်းအနားတွင် ပြော ဆိုသည်။

အဆိုပါ အခမ်းအနားတွင် စစ်ကောင်စီ၏ ဂုဏ်ထူးဆောင်ဝဏ္ဏကျော်ထင်ဘွဲ့အား ကေအဲန်ယူ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး(ကိုယ်စား) သမီးဖြစ်သူ နော်ဆာအယ် စေးဖိုး၊ ကေအဲန်ယူ ပဒိုအောင်ဆန်းအဖွဲ့(ကိုယ်စား) စောဆန်းညွန့်အောင်နှင့် KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်စောဌေးမောင်(ကိုယ်စား) သမီးဖြစ်သူ ဒေါက်တာနော်ကပေါ်ထူးတို့က လက်ခံရယူခဲ့သည်။

အလားတူ ဂုဏ်ထူးဆောင်သီရိပျံချီဘွဲ့အား တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားအစည်းအရုံး(DKBA)၏ စစ်ဦးစီးချုပ် ဦးကျော်သန်းနှင့် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့က အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်၍ လက်ခံရယူခဲ့သည်။

၎င်းအပြင် စစ်ကောင်စီ၏ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သူများထဲတွင် နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဦးနေဝင်း၊ ဦးနု၊ ဦးစောမောင်၊ နိုင်ငံတော် သမ္မတဟောင်း ဦးစန်း ယုတို့အား အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် အဂ္ဂမဟာသရေစည်သူဘွဲ့ အသီးသီး တို့ကိုပေးအပ်ခဲ့ပြီး ၎င်းတို့၏မိသားစုဝင်များမှ လက်ခံရယူခဲ့သည်။

ထို့အတူ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းအား မဟာသရေ စည် သူဘွဲ့၊ အမျိုးသားရေးဆရာတော် ဦးဝီရသူနှင့် ဘာသာရေးခေါင်းဆောင်များအား သီရိပျံ ချီဘွဲ့နှင့် အခြားသောတိုင်းရင်းသားအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းရင်းသားပါတီများ မှ ခေါင်းဆောင်များ၊ စစ်တပ်အသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း(၇၄၄)ဦး ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ခဲ့သည်ဟု သိရသည်။