ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စစ်တပ်အနေဖြင့် အာဏာရှင်စနစ်အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်အသုံးချ နေကြောင်း နိုင်ငံတကာ မြန်မာသတင်းအဖွဲ့(BNI)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ရေး (MPM)က ယနေ့ မိတ်ဆက်ထုတ်ပြန်လိုက်သည့် သုတေသနစာတမ်းတွင် သုံးသပ်တင်ပြထားသည်။
ဦးနေဝင်း ဦးဆောင်သည့် မဆလ အစိုးရလက်ထက်မှစ၍ ခေတ်အဆက်ဆက် စစ်အစိုးရ လက် ထက်များတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများကိုအကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်အပစ်ခတ်ရပ်စဲရေးအဆင့်အထိသာ အမြင့်ဆုံးသဘောတူညီမှုရရှိခဲ့ပြီး ယနေ့အချိန်ထိ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သလို ပြည်တွင်းစစ်ချုပ်ငြိမ်းရန် တစ်ကြိမ်တစ်ခါမှ စဉ်းစားခဲ့ခြင်းမရှိကြောင်း သုတေသနစာတမ်းတွင် ဖော်ပြပြောဆိုထားသည်။
MPM ၏ အကြီးတမ်းသုတေသီက “စစ်အုပ်စုက ငြိမ်းချမ်းရေး ဆိုတဲ့စကားကို ရေပက်မဝင်အောင် ပြောဆိုသုံးနှုန်းနေသည့်တိုင် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် မည်သည့် အချိန်ကမျှ အလေးအနက် စဉ်းစားခဲ့တာကို မတွေ့ရဘူး။ ဒါ့အပြင် ငြိမ်းချမ်းရေး သဘောတူညီချက် တွေကနေတစ်ဆင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေး အစီအစဉ်တွေကို စိုးရိမ်မှုလွန်ကဲခဲ့သလို NCA နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အပြန်အလှန် ရစ်ပတ်ချည်နှောင်ထားပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုမှာ ထာဝရရပ်တည်နိုင်ရေးအတွက် ကြံဆ နေခြင်းဖြစ်နိုင်တယ်”ဟု စာတမ်းမိတ်ဆက်ပွဲတွင် ရှင်းလင်းပြောဆိုခဲ့သည်။
ထို့အပြင် လက်ရှိ အာဏာသိမ်းထားသော စစ်ကောင်စီအနေဖြင့် ၎င်း NCA နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်ဖက်တွယ်ထားကာ လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ကာ ပိုနေမြဲကျားနေမြဲ အခြေအနေဖြစ်သော စပွန်ဆာဒီမိုကရေစီကို ပြန်လည်အသက်သွင်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ၎င်း အတွက် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးကိုပင် ပြန်လည်အသုံးချကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ(ERO)နှင့် နွေဦးတော်လှန်ရေး အင်အားစုများအကြား စုစည်းညီညွတ်မှုကို အရံအတား အနေဖြင့် အသုံးချခဲ့ကြောင်းလည်း စာတမ်းမိတ်ဆက်ပွဲတွင် နှင်းကိုဦးက သုံးသပ်တင်ပြခဲ့သည်။
ယနေ့ အဆိုပါ ထုတ်ပြန်လိုက်သည့် စာတမ်းကို MPM ပရိုဂရမ်တွင် ပါဝင်သော နယ်မြေခံ သတင်း ထောက်များမှတဆင့် သက်ဆိုင်ရာဒေသအလိုက် ယခင်အပစ်ရပ် NCA ထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ NCA မထိုးခဲ့သောအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီစသည့် ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ စုစုပေါင်း ၁၁ ဦးကို အင်တာဗျူးမေးမြန်းခဲ့ခြင်းနှင့် ယခင်ထုတ်ပြန်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စောင့်ကြည့်မှု စာတမ်းမှတ်တမ်းများ၊ နိုင်ငံရေးလေ့လာသုံးသပ်ထားသည့် စာအုပ်များ၊ တခြားသော နိုင်ငံရေးသမား အင်တာဗျူးများကို ကိုးကားပြီး သုံးသပ်တင်ပြခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် အဆိုပါ စာတမ်းအရ ယခင် ၂၀၁၃ မှစ၍ ယနေ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ လက်ထက်ယခုနှစ် ၂၀၂၂ခုနှစ်အထိ တိုက်ပွဲဖြစ်ပွားမှု နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတစ်ရက်လုပ်လိုက်တိုင်း တိုက်ပွဲနှစ်ရက်ဖြစ်ပွားနေကြောင်း ပျမ်းမျှတင်ပြထားသလို လက်ရှိ အာဏာသိမ်းမှု နောက်ပိုင်း တိုက်ပွဲတစ်ထောင်ကျော်ဖြစ်ပွားနေချိန် ဆွေးနွေးမှုအကြိမ်ရေ ၃၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ ကြောင်းလည်း နှိုင်းယှဉ်တင်ပြထားသည်။
စစ်ကောင်စီ အနေဖြင့်ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ဖိတ်ခေါ်ခဲ့ပြီး ၎င်းဖိတ်ခေါ်မှုတွင်လည်း ERO အဖွဲ့များမှလွဲ၍ ကျန် နွေဦးတော်လှန်ရေး အင်အားစုများကိုချန်လှပ်ထားပြီး ခွဲခြားဖိတ်ခေါ်ခဲ့သလို စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကိုလည်း ယခင် NCA ထိုးထားသည့် EAO အဖွဲ့အချို့နှင့် NCA မထိုးခဲ့သော အဖွဲ့အချို့ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
လက်ရှိ နောက်ဆုံးတွေ့ဆုံ ဆွေးနွေးမှုကို ယခုလ ဒီဇင်ဘာ ၂၇ ရက်နေ့က ယခင် NCA လက်မှတ်ရေးထိုးထားသည့် EAOs (၅)ဖွဲ့ပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) နှင့် စစ်ကောင်စီမှဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြားပြုလုပ်ခဲ့ပြီး သဘောတူ ညီချက် ၄ရပ်ကို ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
BNI၏ ယနေ့ မိတ်ဆက်ထုတ်ပြန်သည့်စာတမ်းတွင်လည်း အာဏာသိမ်းမှုကာလအတွင်း တိုင်းရင်းသား မီဒီယာများ၏ အခြေအနေများကို လေ့လာသုံးသပ်ထားသည့် စာတမ်းတစ်ခုကိုပါ ပူးတွဲ မိတ်ဆက် ထုတ်ပြန်ခဲ့ပြီး ၎င်းစာတမ်းတွင် တိုင်းရင်းသား မီဒီယာအဖွဲ့အစည်းများ၏ စိန်ခေါ်မှု အခက်အခဲ အခြေအနေများကို အသေးစိတ်တင်ပြထားသည်။
ထိုစာတမ်းအရ တိုင်းရင်းသား မီဒီယာများအနေဖြင့် အာဏာသိမ်းကာလအတွင်း ဆက်လက် ရပ်တည်ရေး ခက်ခဲလာသလို ရပ်တည်ရေးအခက်အခဲများကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့သည့် တိုင်းရင်းသား မီဒီယာအဖွဲ့အစည်းများရှိလာခဲ့သလို ပင်မမီဒီယာအဖွဲ့အစည်းများထက် လူအင်အား၊ ငွေကြေးအင်အား ပိုမိုနည်းကာ တိုင်းရင်းသား သတင်းထောက်များ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေတွင် ရှိနေကြောင်းလည်း သုံးသပ်ဖော်ပြထားသည်။



















