Home တွေ့ဆုံမေးမြန်းခန်း လူငယ်နိုင်ငံရေး အကျဉ်းသားတစ်ဦးနှင့် မေးမြန်းချက်

လူငယ်နိုင်ငံရေး အကျဉ်းသားတစ်ဦးနှင့် မေးမြန်းချက်

708

လူငယ်နိုင်ငံရေး အကျဉ်းသားတစ်ဦးနှင့် မေးမြန်းချက်

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကျရောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားပေါင်း (၅,၇၇၄)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား(၄၀၂)ဦး ပါဝင်သည်။

အလားတူ ကရင်ပြည်နယ်အတွင်း အကျဉ်းသား ၁၅၆ ဦး ပြန်လည် လွှတ်ပေးရာတွင် နိုင်ငံရေးအမှုဖြင့် အဖမ်းဆီးခံခဲ့ရသည့်နိုင်ငံရေး အကျဉ်းသား(၅၄)ဦးမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာရာ ပြန်လည်လွတ်မြောက်လာသူများထဲမှ (၅၀၅) (က)ဖြင့် အဖမ်းဆီးခံခဲ့ရသူ အမည်မဖော်လိုသည့် လူငယ်နိုင်ငံရေး အကျဉ်းသားတစ်ဦးကို ၎င်းအဖမ်းခံရမှု ဖြစ်စဉ် နှင့် နိုင်ငံရေး အကျဉ်းသား တစ်ဦးအနေဖြင့် ထောင်တွင်း ကြုံတွေ့ ခဲ့ရသည့် အတွေ့အကြုံများအား ပြီးခဲ့သည့်အပတ်က ဆက်သွယ်မေးမြန်ထားခြင်းဖြစ်သည်။

မေး – ဘယ်လိုပုံစံ အဖမ်းခံလိုက်ရလဲ။ ဘာကြောင့် ဖမ်းလိုက်တာလဲ။
ကျနော်တို့က လွတ်မြောက်နယ်မြေမှာ သင်တန်းသွားတက်ပြီး ပြန်လာတဲ့ အချိန်မှာ လမ်းမှာ ကိုဗစ်စစ်ရင်းနဲ့မှ လူများလို့ ဆိုပြီး စစ်ဆေးလိုက်တာ ဖုန်းထဲမှာ ဓါတ်ပုံတချို့ ကြောင့် ဖမ်းဆီးလိုက်တာပေါ့။ သူတို့စစ်ဆေးတဲ့အချိန်မှာ ကားထဲမှာ ပါလာတဲ့ သူတွေရဲ့ ဖုန်းထဲမှာလက်နက်နဲ့ပုံတွေ တချို့ကြောင့် ကားထဲမှာရှိတဲ့သူတွေ အကုန်လုံးကို စစ်ပြီးမှ ဆိုင်တဲ့သူကော၊ မဆိုင်တဲ့သူကော အကုန်ဖမ်းဆီးလိုက်တာ။

မေး- အဖမ်းခံလိုက်ရတဲ့နောက်မှာ ဘယ်လိုစစ်ကြောမေးမြန်းမှုတွေ ကြုံတွေ့ခဲ့ရလဲ။ အရိုက်ခံရတာတွေ ရှိလား။
ကျနော်တို့ကိုဖမ်းသွားတာ ရဲစခန်းကို ပို့တယ်။ ရဲစခန်းမှာ နည်းနည်းပါးပါး စစ်ဆေး မေးမြန်းပြီးတော့မှ ဓါတ်ပုံတွေ ရိုက်တယ်။ ပြီးတော့ ဖားအံမြို့မ ရဲစခန်းကို ပြန်ပို့တယ်။ ည ၈ နာရီလောက် ဖားအံမြို့မ ရဲစခန်းကို ရောက်တယ်။ ရောက်ပြီးတော့မှ ဖုန်းထဲမှာ ပုံတွေတွေ့တဲ့ မိန်းကလေး ၂ ယောက်နဲ့ယောကျ်ားလေး တစ်ယောက်ကို စစ်ကြောရေးကို ချက်ချင်းတန်းပို့တယ်။ မိန်းကလေး ၂ ယောက်ကတော့ တစ်ညလုံး စစ်ဆေးတယ်။ မနက် ၉ နာရီလောက်မှ လွှတ်ပေးတယ်။

ကျန်တဲ့သူတွေကတော့ ဒီဖားအံမြို့မ ရဲစခန်းမှာပဲ စစ်ဆေးတယ်။ ရိုက်တာ နှက်တာတို့တော့ရှိတယ်။ ၂ နာရီ ၃ နာရီလောက်ကတော့ ဒူးကွေးခိုင်းပြီးတော့မှ ကန်တာတို့ တုတ်နဲ့ ရိုက်တာတို့တော့ ရှိတယ်။ ဒီစစ်ကြောရေးကို ရောက်သွားတဲ့ ၃ ယောက်က မိန်းကလေး နှစ်ယောက်က ပါးရိုက်ခံရတာတို့၊ အကန်ခံရတာတို့၊ ခြေ သလုံးကို သံတုတ်တွေနဲ့ လိပ်တာတို့ လုပ်တာတွေရှိတယ်။ စစ်ကြောရေး ရောက်သွားတဲ့ ယောက်ျားလေးတစ်ယောက်ဆိုရင် ၃ ရက်ဆက်တိုက် ရိုက်လိုက်နှက်လိုက် နဲ့ စစ်ဆေးမေးမြန်းတာ ၃ ရက်နေ့ ပြန်ထွက်လာတော့ နှုတ်ခမ်းတွေ ကွဲပြဲ၊ လက်တွေကလည်း ယောင်၊ မျက်နှာတစ်ခြမ်းလုံးက ဖူးရောင်နေတဲ့ အနေအထားမြင်ခဲ့ရတယ်။

သူတို့စစ်တဲ့အခါ အဓိက မေးတာက ဘာသွားလုပ်တာလဲ၊ ဘာသင်တန်းတွေ တက်ရလဲပေါ့။ လူဦးရေ အင်အားတို့ ဘယ်သူတွေက ပို့ပေး ချိတ်ဆက်ပေးတာလဲ၊ ဘယ်နေရာ ဘယ်စခန်း အတိအကျ မြေပုံနဲ့ ထောက်ပြခိုင်းတယ်။

မေး- နောက်တော့ ဘယ်လို ပုဒ်မတပ်ပြီး တရားစီရင်လိုက်လဲ။ တရားရင်ဆိုင်ရတဲ့ အခြေအနေလေး ပြောပြပေးပါ။
ကျနော်တို့ကို ရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာ (၅၀၅) (က) နဲ့ရုံးတင် တရားစွဲတယ်။ ရုံးချိန်းက ၁၀ ချိန်းလောက်ရှိမယ်ထင်တယ်။ ရက်ပေါင်း ၁၈၀အတွင်း အမိန့်ချမယ်ဆိုပြီးတော့ ရုံးချိန်းသွားလိုက်ရတာ ၅လနီးပါး လောက်ကြာသွားတယ်။ ကြာပြီးတော့မှ ကျနော်တို့ကို (၅၀၅) (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်တယ်။

မေး- စီရင်ချက်ချပြီးတဲ့နောက် ထောင်တွင်း ကြုံတွေ့ရတဲ့ အခြေအနေလေး ပြန်ပြောပြပေးပါအုံး။
ကျနော်တို့ကို အမိန့်ချပြီးတဲ့နောက် ကျနော်တို့ကို အချုပ်ထောင်မှာပဲ ပြန်ပို့တယ်။ အချုပ်ထောင်မှာ ၄ ရက်လောက် နေပြီးတော့မှ ဖားအံ အကျဉ်းထောင်ကိုပို့လိုက်တယ်။ စစချင်းတော့ ထူးထူးခြားခြားကြုံတွေ့ရတာ မရှိခဲ့ဘူး။

မေး- ထောင်ထဲရောက်တုန်းက ကိုဗစ်ကူးစက်ခံလိုက်ရတယ်လို့လည်း ကြားမိတယ်။ အဲ့ကာလမှာ ဘယ်လို ကုသမှုတွေ ခံယူရလဲ။
ကျနော်တို့ အဖမ်းခံရချင်းချင်း ကိုဗစ်စစ်တယ်။ Negative ပဲဖြစ်တယ်။ ဒါပေမဲ့ အချုပ်ကို ရောက်တဲ့အချိန်မှာ အဲ့မှာက ကိုဗစ်ကူးထားတဲ့ သူတွေ နဲ့ ရောနှောပြီး နေရတော့ ကျနော်တို့ အကုန်လုံးကိုဗစ် ဖြစ်ကြတယ်။ ဆေးဝါး ကုသမှုကလည်း ပေးတာမရှိဘူး။ ကိုယ့်အိမ်ကပဲ ဆေးပို့ပေးရတယ်။ ဆေးဆိုရင်ဘာဆေးမှ မပေးဘူး။

မေး- ဖားအံထောင်မှာ ဆူပူမှုတွေ မကြာခဏ ကြားမိတာမျိုးရှိတယ်။ ဘာကြောင့် ဆူပူတာတွေ ဖြစ်တာလဲ။
ပထမ တစ်ခေါက် ဆူပူမှုဖြစ်တာက နိုင်ငံရေး အကျဉ်းသားတစ်ယောက်က ဟင်းသွား ချက်ရတဲ့အခါမှာ တခြားအကျဉ်းသားတွေက သူ့ကို ကြည့်မရလို့ ဝိုင်းထိုးပြီး ရေသန့်ဗူးတွေနဲ့ ပစ်တယ်။ အထိုးခံရပြီး ပြန်ရောက်တော့ အဲ့အခြေအနေတွေကို ပြန်ပြောပြတော့ နိုင်ငံရေးအကျဉ်းသားတွေက မကျေနပ်ဘူးဆိုပြီး သွားပြီးရှင်းတဲ့အခါမှာ လူအုပ်တွေက များလာတော့ ဟိုဖက် အဆောင်နဲ့ ဒီဖက် အဆောင် စကားအချင်းများလာပြီး ထောင်ပိုင်ကြီး ထောင်ပိုင်လေးတွေက လာဖြေရှင်းပေးတယ်။ ဒါပေမဲ့ တိကျတဲ့ ဖြေရှင်းမှုတွေ မလုပ်ပေးနိုင်တဲ့အတွက် ပိုပြီးတော့ ဆူသွားတယ်။

အဲ့လိုရုတ်ရုတ် ဖြစ်သွားတဲ့ အချိန်မှာ ထောင်ဘူးဝကနေ သေနတ်တွေ မောင်းတင်ပြီး ပစ်ဖို့ လုပ်နေတော့ ပိုပြီးတော့မှ တင်းမာလာတယ်။ နိုင်ငံရေး အကျဉ်းသားတွေဘက်က ထောင်ပိုင်ကို ဒီကိုယ်ထိလက်ရောက်ကျူး လွန်တဲ့ သူတွေကိုခေါ်ပြီး တောင်းပန်ခိုင်းတာ ခေါ်မလာပေးတော့ ဒီဘက်ကလည်း အရှိန်မလျှော့ပဲ ၇ နာရီ ၈ နာရီ လောက်က ထောင်မပိတ်နိုင်ဘူး။ နောက်ပိုင်းမှာ စစ်သားတွေ ဝင်လာပြီးဆိုပြီး ခြိမ်းခြောက်ပြီး ထောင်ထဲကို အတင်းဝင်ခိုင်းတော့မှ အခြေအနေက တည်ငြိမ်သွားတယ်။ အဲ့နေ့ ဖြစ်ပြီး နောက်တစ်နေ့ တော့ နိုင်ကျဉ်းသမားတွေကို အချုပ်ထောင် အကုန်ပြန်ပို့တယ်။

နောက်တစ်ခု ထပ်ဖြစ်တာက နိုင်ကျဉ်းသမားတွေကို မနက်အစောကြီး ထပြီး စစ်ဆေးရေးဝင်မယ်ပြောပြီး ခေါ်ထုတ်သွားတယ်။ ဘာပစ္စည်းမှ မသယ်သွားခိုင်းဘူး။ ပြီးမှ ထောင်ပြောင်းဖို့ လုပ်နေတာသိတော့ တချို့ အကျဉ်းသမားတွေမှာ မောင်နှမတွေ ပါတယ်၊ လင်မယားအတွဲလိုက်ပါတာတွေရှိတယ်။ အဲ့မှာ လင်ယောက်ျားကိုပဲ ခေါ်ပြီး မိန်းမချန်ထားတာ ခွဲပြီး ခေါ်တော့ တချို့က အတူတူလိုက်မယ်ပြောတာကို ညှိမပေးနိုင်တော့ အချေအတင်တွေ ထပ်ဖြစ်တယ်။ အဲ့အချိန်မှာ စစ်သားတွေ ရဲတွေ BGF တွေ ဝင်လာပြီး သေနတ်တွေနဲ့ ချိန်တယ်။

အရင်ဆုံး အရပ်ဝတ်နဲ့ တစ်ယောက်က ကျနော်တို့ကို လေးဂွနဲ့ လှမ်းပစ်တယ်။ ဒီကလူတွေကလည်း ခဲလုံးတွေနဲ့ ပြန်ပစ်တယ်။ အချေအတင်ဖြစ်ပြီးတော့မှ ထောင်ဝန်ထမ်းတွေက ဝင်လာပြီး အကုန်လုံးကို အထဲသွင်းလိုက် တယ်။ ပြီးတော့ စစ်တပ်တွေ ရဲတွေက သေနတ်တွေ ဝင်လာတယ်။ ပစ်ဖို့ အနေအထားထိရှိတယ်။ ဒါပေမဲ့ အကျဉ်းသားတွေ အထဲဝင်ဖို့ မေတ္တာရပ်ခံတယ်။ အဲ့လို မေတ္တာရပ်ခံတဲ့အချိန်မှာပဲ အရပ်ဝတ်တဲ့ သူတစ်ယောက်က လေးဂွနဲ့ လှမ်းပစ်တယ်။ လှမ်းပစ်တော့ ဒီက အကျဉ်းသားတွေက စိတ်ဆိုးပြီးတော့ ခဲလုံးတွေနဲ့ ပစ်ကြတယ်။ အဲ့လို အချေအတင်ဖြစ်တော့ ထောင်ထဲကို ဝင်လာပြီး အကုန်လုံးကို ထောင်ထဲ ပြန်သွင်းလိုက်တယ်။ အခြေအနေတွေ အကုန်တည်ငြိမ်းသွားတဲ့အချိန်မှ အခန်းထဲကနေ နှစ်ယောက်ချင်းစီ နောက်ပြန် လက်ထိပ်ခတ်ပြီး ဆွဲထုတ်သွားတယ်။ ၁၇ ယောက်ကို တိုက်ပိတ်လိုက်တယ်။

နောက်တစ်ခုကျတော့ ၆ လပိုင်းမှာ ထောင်ဖောက်မှု တစ်ခုဖြစ်သွားတယ်။ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ ကျနော်တို့ နိုင်ကျဉ်းတွေကို အချုပ်ထောင်ကနေ အကျဉ်းထောင်ထဲကို ပြန်ပို့တယ်။ အကျဉ်းထောင်ထဲကို ၁၁ နာရီလောက်မှာ နောက်ဆုံးအသုတ်အခန်းထဲပဲ ရောက်သေးတယ်။ သေနတ် ၂ ချက်ဖောက်တယ်။ ဘာဖြစ်မှန်းလဲ မသိရဘူး။ နောက်မှ သိလိုက်ရတာက တိုက်ပိတ်ထားတဲ့ သူတွေဆီကနေ ထောင်ဝန်ထမ်းတွေ ပြန်လာတော့ သူတို့ ခြေလက်တွေမှာ သွေးတွေနဲ့ တွေ့လိုက်ရတယ်။ ပြီးတော့ ထောင်ဆရာဝန်လည်း တိုက်ထဲကနေ သွေးစ တွေနဲ့ ပြန်ထွက်လာတာကိုတွေ့လိုက်ရတယ်။ နောက်တစ်ရက်လောက်မှ သိလိုက်ရတာက ထောင်ဝန်ထမ်းနဲ့ အကျဉ်းသား ပြဿနာဖြစ်တာ။ လမ်းလျှောက်ဖို့ အပြင်ပေးမထွက်လို့ဆိုပြီးစကားများကြရင်းနဲ့ အပြင်ထွက်ပြီး တော့မှာ ထိုးတာ ကြိတ်တာတွေဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ သေနတ်ဖောက်လိုက်တယ်။ ဖောက်လိုက်ပြီးတော့ ထောင်ဝန်ထမ်းတွေက တစ်တိုက်ချင်းစီ ဝင်ပြီးတော့ ဝင်ရိုက်တယ်။ တချို့သူတွေ ခေါင်းခွဲတယ်။ တစ်ယောက်ဆို ရင် မေ့ပါ မေ့တယ်။ တရွတ်တိုက် ဆွဲပြီးမှ ကွင်းပြင်ထဲမှာ မေ့နေတာတောင် ဆက်ရိုက်တယ်။

ပြီးတော့ အဲ့လို ဖြစ်တဲ့ နောက်နေ့မှာလည်း ကျနော်တို့ နိုင်ကျဉ်းထားတဲ့ နေရာကိုလာပြီး ဒူးထောက်ခိုင်းပြီး ခေါင်းငုံ့ခိုင်းထားတယ်။ ပြီးတော့ လေးဂွတွေနဲ့ တည်ပစ်တယ်။ မော့ကြည့်တဲ့ သူဆိုရင် မျက်လုံးကို တည်ပစ်တာ။ ပြီးတော့ ဆဲဆို ကြိမ်းမောင်းတယ်။ သူတို့တွေက ဆေးခြောက်တွေ အရက်တွေ မူးပြီး ဆေးတွေ ကြောင်နေကြတာ။ ပြီးတော့ အိပ်နေတဲ့ သူတွေဆိုရင်လည်း လေးဂွနဲ့ သွားတည်ပစ်တယ်။ အဲ့မှာ အယောက် ၃၀ လောက် ဒဏ်ရာရသွားတယ်။ အဲ့နေ့ကစပြီး ညဘက်တွေမှာ ကျနော်တို့ဆီကို လာလာဝင်ဆဲပြီး သံတိုင်တွေကို လာလာ ရိုက်တယ်။ အဲ့ကနေ ၆ လပိုင်း ၁၀ ရက်နေ့မှာ ထောင်ပြောင်းတာတွေ လုပ်လာတယ်။

မေး- ထောင်ပြောင်းရွှေ့မှုတွေ ကြုံရတယ်လို့လည်း ကြားမိတယ်။ ဘာကြောင့် ထောင်ပြောင်းရတာလဲ။ ထောင်ပြောင်းတော့ ဘာတွေ ကြုံတွေ့ရသေးလဲ။ အဲ့အခြေအနေလေး ပြောပြပါအုံး။
ကျနော်တို့ ၆ လပိုင်း ၁၀ ရက်နေ့မှာ သာယာဝတီကို တစ်သုတ် ထောင်ပြောင်းတယ်။ ပြီးတော့ ၁၆ ရက်နေ့မှာ ကျန်တသုတ်ကျတော့ တောင်ငူကို ပြောင်းပေးတယ်။ ထောင်ပြောင်းတော့ ကားပေါ် ဆင်းဆင်းချင်းမှာပဲ အကျဉ်းထောင် ဝန်ထမ်းတွေက ကျနော်တို့ကို ကန်တယ်။

ပြီးတော့ အကျဉ်းထောင်ဘူးဝရောက်တော့ နေပူထဲမှာ လှန်းထားတယ်။ ခေါင်းငုံ့ခိုင်းထားတယ်။ ထောင်ပြောင်းကိုရောက်တော့ ကျနော်တို့ကို ဝိုင်းထားတာ အယောက် ၅၀ လောက်ရှိမယ် ထောင်က လူမိုက်တွေ။ တုတ်တွေကိုင်ထားကြတယ်။ ကျနော်တို့ကို နေပူထဲမှာ ထားပြီးတော့ ကန်တယ်ရိုက်တယ်။ ထိုးတယ်။ အဲ့မှာ မိနစ် ၂၀ လောက် ရိုက်နှက်ခံလိုက်ရတယ်။ ပြီးတော့ ခြေကျင်းတွေကို တစ်ယောက်ချင်းစီ ပြန်တပ်တဲ့အခါမှာလည်း ခြေထောက်တွေ ခြေခွံတွေကို တူနဲ့ ထုသေးတယ်။ ပြီးတော့ ဆံပင်တွေကို ပုံစံမျိုးစုံ ညှပ်ပြီးတော့ ထောင်ထဲပို့တယ်။

အဲ့မှာ တချို့သူတွေကို စောင့်ကြည့်အနေနဲ့ ထားပြီး တချို့ကို တိုက်ပို့လိုက်တယ်။ တချို့ကျတော့ ပုံစံထိုင်ခိုင်း ထားတယ်။ တစ်နေကုန် ထိုင်ရတယ်။ ည ၈ နာရီလောက်မှ အညောင်း အညာ ဆန့်ခိုင်းတယ်။

မေး- ထောင်ထဲမှာ နေတော့ သတင်းအချက်အလက် ရရှိနိုင်မှု အခြေအနေကကော ဘယ်လို ရှိလဲ။
ထောင်ထဲမှာက သတင်း အမှောင်ချထားတယ်။ ဘာမှ မသိရ မကြားရဘူး။ ဒါပေမဲ့ သူတို့က အဓိက MRTV ပဲ ပြပေးတယ်။ မြဝတီသတင်းစာတွေပဲ ပေးဖတ်တယ်။ ဘာမှ မသိရဘူး အပြင်က အကြောင်းအရာတွေကို။

မေး- ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေတော့ ကိုယ်တိုင်ကြုံရတာမျိုးရှိလား။ ဒါမှ မဟုတ် ကိုယ်တွေ့မြင်လိုက်ရတာကော ရှိလား။ ကိုယ်မေ့လို့မရတဲ့ အမှတ်တရ တစ်ခုခု ရှိလား။
ထောင်ထဲမှာ လူ့အခွင့်အရေးမပြောနဲ့ အကျဉ်းသားအခွင့်အရေးတောင် မရဘူး။ အကျဉ်းသားမှာ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေမှာ အစားအသောက်ပိုင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာကော၊ နေထိုင်ရမှု အပိုင်းမှာကော အပြည့်အဝမရဘူး။ ထောင်ထဲမှာ တစ်နေ့ ထမင်း ၃ နပ်ကျွေးရတယ်၊ ကပ်ထားတဲ့စာမှာဆိုရင် ကြက်သား ဆီပြန်တို့၊ ဝက်သား ဆီပြန်တို့ ဆိုပြီး ကပ်ထားပေးမဲ့ တကယ်တမ်း ကျွေးတာက ဘာ အရသာမှ မရှိတဲ့ ကြက်ပြုတ်တို့၊ ငါးပြုတ်တို့ ပဲ ကျွေးတယ်။ ဆားတွေ ဆီတွေမပါတဲ့ ရေလုံပြုတ်ပဲ။

သူတို့က အထက်ကို တင်ပြမယ်ဆိုရင် ဟင်းတွေကို ကြက်သားဆီပြန် ဝက်သားဆီပြန် ပဲကုလားဟင်း ဆိုပြီး ဓါတ်ပုံ လာရိုက်တယ်။ အကျဉ်းသားတွေကို ကျွေးပါတယ်ဆိုပြီး တော့မှ ဓါတ်ပုံရိုက်ပြီး ပြန်သိမ်းသွားတယ်။ ဘယ်သူမှ မစားရဘူး။ နောက်ပြီး ပြန်လာပို့တာက ရေလုံပြုတ်ပဲ ကျွေးတယ်။ ပြီးတော့ ဆပ်ပြာတို့၊ ဘာတို့ ပေးတယ်ဆိုပြီး ဓါတ်ပုံရိုက်ပြီး ပြန်သိမ်းသွားတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့က လာတယ်။ ကျနော်တို့လည်း သွားပြောတယ်၊ အကျဉ်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရဖို့။ လုပ်ပေးမယ်လို့ပြောပြီးတော့ မကြာဘူး သူတို့ဆီကို တင်ပြတဲ့ထဲမှာ ပါတဲ့သူ တော်တော်များများ ထောင်ပြောင်းထဲကိုပါသွားတယ်။ သူတို့ လာသွားတာကလည်း For Show ပါပဲ။ လာဝင်ပြတဲ့ ဟန်ပြပုံစံမျိုးပဲ။ လာပြီးတဲ့နောက်ပိုင်း အခြေအနေက ဘာမှ ထူးခြားပြောင်းလဲသွားတာမရှိဘူး။

မေး- အခု ပြန်လွှတ်လာတော့ ဘယ်လို ပုံစံနဲ့ လွှတ်လာလဲ။ ဘာခံဝန် သဘောတူညီမှုတွေ ၊ သတိပေးမှုတွေ ခံထားရတာမျိုးရှိသေးလဲ။ ပြန်လွှတ်လာမယ်လို့ကော ကြိုသိထားလား။
ကျနော်တို့ ပြန်လွှတ်မှာကတော့ သတင်းတော့ ကြားတယ်။ သတင်းတော့ ကြိုထွက်တာတော့ရှိတယ်။ ဘယ်သူတွေပါမယ်မှန်းတော့ မသိကြဘူး။ ပြီးမှ ၁၇ ရက်နေ့ကျမှ ကျနော်တို့ကို လာခေါ်တယ်။ လွတ်တဲ့ သူတွေထဲမှာက လွတ်ရက်စေ့ခါနီးတဲ့ သူတွေများတယ်။ တစ်ချို့ဆိုရင် ၂ ရက် ၃ရက်၊ တချို့ ဆိုရင် တစ်လ နှစ်လ ပေါ့။ ဒါပေမဲ့ ခံဝန်ကတိတော့ ထိုးရတယ်။ နောက်တစ်ခါ ပြစ်ဒဏ်ချမှတ်ခံရလို့ရှိရင် ပြစ် ဒဏ် ၂ နှစ် ရဲ့ ကျန်ခဲ့တဲ့ ကာလကို ဆက်ခံရမယ်ပေါ့။

မေး- အခုလို စကစ ကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်တဲ့ အပေါ်မှာကော ဘယ်လို မြင်မိလဲ။
ကျနော်မြင်တာက လွတ်ရက်စေ့ခါနီး သူတွေကို ခြေချုပ်ထားချင်တဲ့ သဘောလို့ မြင်တယ်။ ဒီကောင်တွေ နောက်တစ်ခါ မလုပ်ရဲအောင်ပေါ့။ လွတ်ရက်နဲ့ လွတ်ရင်တော့ ခံဝန်ထိုးစရာလိုမှာမဟုတ်ဘူး။ နောက်ပြီးတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ နိုင်ငံတကာအပေါ် မျက်နှာချို သွေးချင်တာပေါ့။ အခုလို နိုင်ငံရေး အကြပ်အတည်း ကြုံနေရတဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုပြီးတော့မှ နိုင်ငံတကာမှာကော၊ မြန်မာမှာကော သူ့အတွက် ထွက်ပေါ် အနေနဲ့ ဖိအားတစ်ခု လျှော့စေချင်လို့ လွှတ်ပေးတယ်လို့ပဲ မြင်မိတယ်။ တကယ် သူတို့ စိတ်စေတနာရှိလို့ လွှတ်ပေးတယ်လို့ မယူဆဘူး။

မေး- အခု ဘာဆက်လုပ်သွားမလဲ။
ကျနော်တို့ အထဲမှာနေရတဲ့ ၂ နှစ်အတွင်းမှာ နိုင်ငံရေး အခြေအေနေတွေက ဘယ်လို ပြောင်းလဲသွားလဲ ဆိုတာကိုလည်း မတီးခေါက်မိသေးဘူး။ အဲ့ဒီအခြေအေနေတွေကို ကြည့်ပြီးတော့မှ ဒီစစ်အာဏာရှင် ပြုတ်ကျရေးအတွက် ကျနော်တို့ ဆက်သွားဖို့ရှိတယ်။ ကျနော်တို့ ဆက်သွားဖို့လည်း လိုတယ်။

ကျနော်တို့ လွတ်လာတယ်ဆိုတာက ကျနော်တို့အတွက် အောင်ပွဲတစ်ခု မဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖိနှိပ်လာတဲ့ စစ်အာဏာရှင် စနစ်ကြီးကို ဆက်လက်တိုက် ဖျက်ဖို့အတွက် ဆက်လက် တိုက်ပွဲ ဝင်သွားဖို့ရှိတယ်။ ကျနော်တို့လိုပဲ လွတ်လာတဲ့သူတွေလည်းရှိမယ်။ အထဲမှာလည်း သူတို့မြင်တွေ့ခဲ့ရမှာပဲ။ ထောင်ထဲမှာ ဒုက္ခခံပြီး တော့မှ အကျဉ်းကျနေတဲ့ သူတွေ ရှိနေသေးတယ်။ အဲ့ဒီ လူတွေအတွက် ဆက်လက်ပြီး တိုက်ပွဲ ဝင်ပေးဖို့ လိုတယ်။ သူတို့မှာ သူတို့ရဲ့ အနာဂတ်တွေ သူတို့ရဲ့မိသားစုတွေ သူတို့ ချစ်တဲ့ခင်တဲ့ သူတွေနဲ့ ဝေးပြီးတော့မှ အကျဉ်းထောင်မှာ ထောင် နှစ်ရှည်ကျနေရတဲ့ ရဲဘော်တွေရှိတယ်။ အဲ့လူတွေအတွက် ကြည့်ပြီးတော့မှ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုတယ်ဆိုတာတော့ ကျနော့်အနေနဲ့ ပြောချင်တယ်။