Home သတင်း တာ့ခ်ခရိုင်အတွင်း မြို့နယ် ၃ ခုရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ ပထမဆုံးအကြိမ် စွမ်းရည်ပြပြိုင်ပွဲကျင်းပခဲ့

တာ့ခ်ခရိုင်အတွင်း မြို့နယ် ၃ ခုရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ ပထမဆုံးအကြိမ် စွမ်းရည်ပြပြိုင်ပွဲကျင်းပခဲ့

775

နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်၊ ဖုတ်ဖရတ်နှင့် မယ်လမတ်စသည့်မြို့နယ် ၃ ခုမှ မြန်မာရွှေ့ပြောင်း ကျောင်းသားများ၏ ပထမဦးဆုံးအကြိမ် စွမ်းရည်ပြပြိုင်ပွဲအစီအစဉ်တစ်ခုကို ယမန်နေ့ ဒီဇင်ဘာလ(၆)ရက်နေ့ တွင် ဆာသူးလေမြန်မာရွှေ့ပြောင်းအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသားများ၏ အနုပညာနှင့် အတတ်ပညာစွမ်းရည်များကို ယှဉ်ပြိုင်စေခြင်းဖြင့် မြန်မာရွှေ့ပြောင်းကျောင်း များအကြား ပညာရေးစနစ်များ ပိုမိုအားကောင်းလာအောင် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဆားသူလေ အထက်တန်းကျောင်း၏ ဒါရိုက်တာ ဆရာမနော်‌ဖော‌ရေက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီလိုမျိုးထိုင်းပညာရေးအဖွဲ့နဲ့လုပ်တာ ထိုင်းပညာရေးစနစ်နဲ့လာပြိုင်တာ ဒါပထမဦးဆုံးအကြိမ်ပဲ။ ပညာရေးစွမ်း ရည်ပြိုင်ပွဲကို လုပ်ရတဲ့ရည်ရွယ်ချက်က တစ်ကျောင်းနဲ့တစ်ကျောင်း ထိုင်းပညာရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်မှုအတွေ့အကြုံရှိလာအောင် ထိုင်းပညာရေးစနစ်က ဘယ်လိုသွားနေလဲ ရွှေ့ပြောင်းကျောင်းတွေက ဘယ်လိုလုပ်နေလဲ ဖလှယ်ပြီးလေ့လာသင်ယူရအောင်ပေါ့။ နောက်ဆိုရင် Migrant ကျောင်း၊ ထိုင်းကျောင်းမှ ပြိုင်ပွဲတွေလုပ်ရင် မကြောက်ဘဲဝင်ပြိုင်နိုင်အောင်လည်း လုပ်တာဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲတွင် ပန်းချီ၊ သီချင်း၊ လက်မှုပညာ၊ သင်္ချာတွက်ချက်ခြင်း၊ ပုံပြောပြိုင်ပွဲ၊ ထိုင်းရိုးရာ ယဉ်ကျေးမှုပြိုင်ပွဲ၊ အလှအပဆင်ခြင်း စသည့်စွမ်းရည်များကို ပြိုင်ဆိုင်ကြရခြင်းဖြစ်ပြီး ဆာသူးလေဖောင်ဒေးရှင်း၊ ထိုင်းပညာရေးဖောင်ဒေးရှင်း၊ COTTON:ON Foundation နှင့် ရွှေ့ပြောင်းပညာရေးဆိုင်ရာညှိနှိုင်းရေးစင်တာ စသည့်အဖွဲ့အစည်းများနှင့်အတူ လူဦးရေ (၂၀၀)ခန့်ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထိုစွမ်းရည်ပြိုင်ပွဲတွင် မြို့နယ် ၃ ခုမှ မြန်မာ‌ရွှေ့‌ ပြောင်း‌ကျောင်းပေါင်း ၇ဝ‌ ကို ဖိတ်ကြားခဲ့သော်လည်း ကျောင်းပေါင်း(၆)ကျောင်းသာ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဆာသူလေး အထက်တန်းကျောင်းမှ နဝမတန်းကျောင်းသူ နော်ဆဲမူလာဖောက ပြိုင်ပွဲတွင် ပါဝင်ရခြင်းနှင့်ပတ်သက်ပြီး ယခုလို ပြောသည်။

“ဒီလိုမျိုးပြိုင်ပွဲဝင်ပြိုင်ဖူးတာ ပထမဦးဆုံးပဲ။ ကျမအနေနဲ့ ဝင်ပြိုင်ဖူးတာ အရင်တုန်းကတော့ ဒီလိုမျိူးစနစ်ကျကျ မပြိုင်ဖူးဘူး။ မြန်မာပြည်မှာနေတုန်းကလည်း တစ်ခါမှမလုပ်ဖူးဘူး။ အခုစင်ပေါ်တက်ရတော့ အကြောက်တရား တွေတော့ နည်းနည်းရှိတယ်။ ဒီကျောင်းလိုမျိုးအကဆိုအက၊ သီချင်းဆိုရင်သီချင်း မြန်မာပြည်ကကျောင်းတွေမှာ မရှိဘူး။ အခုဆာသူးလေကျောင်းမှာ လာတက်တော့ ကျမဘဝအတွက်ထူးခြားတဲ့ဖြတ်သန်းမှုအသစ်တစ်ခုလည်း ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် နှစ်များတွင်လည်း မြန်မာရွှေ့ပြောင်းကျောင်းသားများအကြား စွမ်းရည်ပြပြိုင်ပွဲများ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ထိုင်းပညာရေးကျောင်းများပါဝင်ပူးပေါင်းပြုလုပ်ခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

၎င်းရွှေ့ပြောင်းကျောင်းသူ/သားစွမ်းရည်ပြိုင်ပွဲအစီအစဉ်တွင် ရွှေ့ပြောင်းပညာရေး ညှိနှိုင်းရေးဌာန (Migrant Education Coordination Center) တာဝန်ရှိသူများ တာ့ခ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းကျောင်းတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။