Home သတင်း သပြုသတ္ထုမိုင်းတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိ

သပြုသတ္ထုမိုင်းတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိ

1373
Photo: CJ

နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ မက္ကသာကျေးရွာအနီး သပြုသတ္ထုမိုင်းတွင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ခနောက်စိမ်းသတ္တုဖော်သည့် အဆိုပါ မိုင်းလုပ်ကွက်ကို ယမန်နေ့ နိုဝင်ဘာလ(၁၅)ရက် ည(၁၂)နာရီကျော် အချိန်ခန့်က စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် (၂)ကြိမ်ခန့် သွားရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ကား(၂)စီး မီးလောင်ပျက်စီးခဲ့ပြီး ၄င်းစက်ရုံအတွင်းရှိ အဆောင်(၄)ဆောင်ရှိသည့်အနက် (၃)ဆောင်လုံး ထိခိုက်ပျက်စီးခဲ့ရသည့်ဟု မိုင်းတွင်းရှိ လုပ်သားတစ်ဦးက ယခုလိုပြောသည်။

“ညက (၁၂)နာရီကျော် လောက်မှာလာတယ်။ လေယာဉ်က ၂ခေါက်လာတာ ဗုံးက (၂)ခါကြဲသွားတယ်။ အကုန်လုံးတော့ပြာကျသွားပြီး။ စက်ရုံထဲမှ ရှိတဲ့ပစ္စည်းတွေလည်း အကုန်လုံးကုန်ပြီး။ ကားလည်း ၂ စီးပျက်စီးသွားတယ်။ သေဆုံးမှုက ၃ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာလဲ ၄ ယောက်လောက်ရှိတယ်။ သေသွားတဲ့ သူတွေက သူတို့အဆောင်တည့်တည့်ကိုကျသွားတယ်။ အဆောင်က ၄ ဆောင်ရှိတယ်လေ။ ကျနော်တို့ နေတဲ့အဆောင်က လွတ်သွားတယ် ကျန်တဲ့ ၃ဆောင်က အကုန်ကုန်သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်၏ ယမန်နေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများတွင် တရုတ်လူမျိုးများလည်း ပါဝင်နေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ(၆)ရက်နေ့တွင်လည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ မက္ကသာကျေးရွာ ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်ကိုလည်း စစ်ကောင်စီမှ လေယာဉ် ၄ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၍ ကျောင်းတော်ကြီး မီးလောင်ပြာကျသွားပြီး ဝါဆိုဦးဇင်းတစ်ပါးလည်း ဦးခေါင်းထိမှန်ဒဏ်ရာရသွားခဲ့ဖူးသည်။

Photo: CJ