Home သတင်း ဖောက်ထွင်းခံရသော နေအိမ်ပိုင်ရှင်များကို ထားဝယ်(ပကဖ) အင်အားစုများ ပူးပေါင်းပြီး ဆန်များကူညီထောက်ပံ့

ဖောက်ထွင်းခံရသော နေအိမ်ပိုင်ရှင်များကို ထားဝယ်(ပကဖ) အင်အားစုများ ပူးပေါင်းပြီး ဆန်များကူညီထောက်ပံ့

1395
Photo: CJ

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာရှိတွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲစဉ် နေအိမ်များဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ယူဆောင်ဖျက်ဆီးခံရသည့် အိမ်ရှင်များကို ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)အင်အားစုများပူးပေါင်းပြီး ဆန်များကူညီထောက်ပံ့ ပေးနေကြောင်း PDF တာဝန်ရှိသူများက ပြောသည်၊၊

ဝကုန်းကျေးရွာသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီမှ တစ်ညတာ ဝင်ရောက်တပ်စွဲစဉ် ကျေးရွာအနောက်ပိုင်းရှိ နေအိမ် ၂၇ အိမ်ကို ဖောက်ထွင်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆန်ရိက္ခာ ပြတ်လပ်မှုကြုံတွေ့ခဲ့သည့်အပေါ် ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-ပ.က.ဖ)နှင့် သံမဏိပြောက်ကျားတပ်ဖွဲ့(ထားတယ်-ပ.က.ဖ)တို့ပူးပေါင်းပြီး ဆန်များ လှူဒါန်းကူညီပေးခဲ့ခြင်းဖြစ်ကြောင်း PDF တာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရွာကအပိုင်းတွေနဲ့ခွဲထားတာ။ ခုဖြစ်တာက ရွာအနောက်ပိုင်းပါ။ အိမ်ခြေ ၂၇ အိမ်ဖောက်ခံထိသွားတာ။ စခတွေက ခိုးယူထားတဲ့အရာနဲ့ သူတို့စားသောက်ကြတယ်။ ပိုနေရင်ယူသွားတယ်။ ယူမနိုင်ရင် အကုန်လွှင့်ပစ်ခဲ့တာ။ သုံးလို့မရအောင်ပေါ့ဗျာ။ အခုတော့ ရွာထဲကိုပြန်နေကြပြီး စခတွေလာရင်တော့ ကိုယ့်ခြံကို ပြေးပုန်းကြရတာပေါ့။ စားစရာမကျန်တော့အောင်ကို ဆန်အိတ်တွေသယ်သွားကြတာ” ဟု ကေအိုင်စီသို့ ပြောသည်၊၊

စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားများသည် နေအိမ် ၂၇ လုံးကို ဖောက်ထွင်းမှုများပြု လုပ်ခဲ့ရာတွင် နေအိမ်အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများ ဆန်အိတ်များ၊ လျှပ်စစ်ပစ္စည်း တစ်ချို့နှင့်နေအိမ်ရှိ ကြက်၊ ဆိတ်အစရှိသည့် အိမ်မွေး တိရိစ္ဆာန်များကို စစ်ကား ၆စီးဖြင့် သယ်ဆောင်မှုများပြုလုပ်ပြီး မသယ်ဆောင်နိုင်သောပစ္စည်းများကို အသုံးမပြုနိုင်ရန် ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့ကြောင်းလည်း PDF တာဝန်ခံက ဆက်ပြောသည်။

ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု(ထားဝယ်-ပ.က.ဖ)မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “လှူရတာက စားဖို့ဆန်မရှိလောက်အောင် စခတွေခိုးယူသွားလို့ လတ်တလော စားသောက်ဖို့ ဆင်ပြေအောင် ကူညီပေးတာပေါ့ဗျာ။ ကျနော်တို့မှာ ဆန်တစ်ခုပဲပေးလိုက်ရလို့စိတ်မကောင်းဖြစ်မိပါတယ်။ အလုံးစုံကူညီချင်ပေမဲ့ နိုင်သလောက် အင်အားရှိသလောက်ပဲ ကူညီလိုက်ရတာ’’ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း သင်္ကန်းတုံး ကျေးရွာတွင် သုံးရက်ခန့် ဝင်ရောက်တပ်စွဲခဲ့ရာတွင်လည်း နေအိမ်များကို အလားတူ ဖောက်ထွင်းမှူများ ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများနှင့် ဆန်များကို အဓိက သယ်ဆောင်သွားကြောင်း ဒေသတွင်းသတင်း အရင်းမြစ်များက ပြောသည်။