Home သတင်း တောင်ကလေး အကျဉ်းထောင်မှ အကျဉ်းသား ၁၅၆ ဦးလွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးပါ၀င်

တောင်ကလေး အကျဉ်းထောင်မှ အကျဉ်းသား ၁၅၆ ဦးလွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးပါ၀င်

1108

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့တောင်ကလေးအကျဉ်းထောင်မှ ယမန်နေ့ အကျဉ်းသား ၁၅၆ ဦးလွှတ်ပေးရာတွင် ၅၀၅ (က)ဖြင့် တရားစွဲထောင်ချခံထားရသည့် CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဆရာ/မများ၊ ကျောင်းသားလူငယ်အချို့နှင့် အရပ်ဖက်အဖွဲ့အစည်းမှ လူငယ်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား လွှတ်ပေးသည့်အထဲတွင် ပါ၀င်ကြောင်း သိရသည်။

၁၀၂ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအဝှမ်းရှိ အကျဉ်း ထောင်များမှ အကျဉ်းသား ၅,၇၇၄ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလွှတ်ပေးရာတွင် ဖားအံ တောင်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၁၅၆ ဦးပါဝင်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထားချက်တွင် ဖော်ပြထားသည်။

“မနေ့က တောင်ကလေးထောင်က ၁၅၆ ယောက်လွှတ်ပေးတယ်။ အဲ့ထဲမှာ ၅၄ ယောက်က စစ်အာဏာသိမ်းဖြစ်စဉ်မှာ ဆန္ဒပြတာတွေမှာ ဖမ်းခံရသူတွေနဲ့ CDM ဆရာမတွေ ပြန်လွတ်တယ်၊ ကရင်လူငယ်စောလင်း ထက်လည်း ပြန်လွတ်တဲ့အထဲ ပါတယ်လို့တော့ ပြောသံကြားတယ်။ မြ၀တီဘက်က လူ ၂၀ လောက်ရယ်၊ ကော့ကရိတ်၊ ကျုံဒိုးဘက်က ၁၀ယောက် ပြန်လွှတ်တယ်၊ ကိုယ့်ကရင်ပြည်နယ်က ၅၄ ယောက်ပေါ့။ ကျန်တဲ့ လူ ၁ ရာကျော်က ခိုး၊ ဆိုး၊ နှိုက်တွေ၊ မူးယစ်မှုတွေနဲ့ လွတ်ရက်စေ့ခါနီး အကျဉ်းသားတွေကို လွှတ်တာပါ ”ဟု ပြန်လွတ်လာသည့် ကျောင်းသား အကျဉ်းသားတစ်ဦး၏မိဘက ပြောသည်။

ယမန်နေ့ နို၀င်ဘာလ ၁၇ရက်တွင် စစ်ကောင်စီမှ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅,၇၇၄ ဦး ပြန်လွှတ်ပေးရာတွင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့၊ ထင်ရှားကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါဆရာတော်နှင့် NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး ဩစတြေးလျား နိုင်ငံသား မစ္စတာရှောင်တာနယ်နှင့် ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်း အပါအ၀င် နိုင်ငံခြားသား ၄ ဦးအား လွတ်ငြိမ်းဖြင့် လွှတ်ပေးသည့် အကျဉ်းသား စာရင်းတွင်ပါ၀င်ပြီး ပြည်တွင်းမှ အနုပညာရှင် နှင့် ထင်ရှားကျော်ကြားသူ ၁၀ ဦးထက်မနည်းပါ၀င်သည်ဟု စစ်ကောင်စီသတင်းများအရ သိရသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခုမှ မတရားဖမ်းဆီးထောင်ချခံထားရသူ၊ ဖမ်းဆီးချုပ်နှောင်တရားစွဲဆို ခံထားရပြီး တရားရင်ဆိုင်နေရသူနှင့် ဖမ်း၀ရမ်းထုတ်ဆင့်ခံထားရသူပေါင်း ၅၀၀ ၀န်းကျင်ခန့်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားနှင့် နီးစပ်သူများထံမှ သိရသည်။

ယခု တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီမှ လွှတ်ပေးသူ ၅,၇၇၄ ဦးတွင် စစ်အာဏာသိမ်းဖြစ်စဉ် အားဆန့် ကျင်မှု၊ ဆန္ဒထုတ်ဖော်မှုများဖြင့် မတရားဖမ်းဆီးထောင်ချခံရသည့် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်သာ ပါ၀င်ပြီး ကျန်သူများမှာ နိုင်ငံရေးဖြစ်စဉ်နှင့်မဆိုင်သည့် အခြားပြစ်မှုကျူးလွန်ထားသူ အများအပြားအား လွှတ်ပေး ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမှ မတရားဖမ်းဆီးထောင်ချထားသူ အကျဉ်းသားပေါင်း ၁၃,၀၀၀ ခန့်ရှိနေပြီဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားသော အချက်အ လက်များအရ သိရသည်။