နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ၃ခုကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် လာ ၍ အနီးရှိ စစ်ရှောင်နေရသော ပြည်သူနှစ်ထောင်ကျော်သည် စားနပ်ရိက္ခာ အခက်အခဲ နှင့်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် (KNLA)ပူးပေါင်းတပ်များသည် စစ်ကောင်စီ စခန်း ၃ ခုဖြစ်သည့် သံဆိပ်စခန်း၊ ဘောကထာနှင့် တုံးတံတားစခန်းတို့ကို တစ်ရက် အတွင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်း နှင့် တုန့်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် အနီးအနားကျေးရွာရှိ ဒေသခံလူထု နှစ်ထောင် ကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး လက်ရှိတွင် စားနပ်ရိက္ခာ အရေးပေါ်လို အပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အခုလက်ရှိကတော့ ဘယ်လိုဖြေရှင်းနေရလည်းဆိုတော့ လူထုအချင်းချင်း မျှပြီး စားနေရတာပေါ့။ စစ်ကောင်စီတပ်စခန်းကို တက်သိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပေါ့။ လက်ရှိကျောက်ကြီးမြို့နယ်မှာ စစ်ရှောင်(၈,၀၀၀)ထိရှိ တယ်။ တချို့တွေက ဘေးလွတ်ရာကို တိမ်းရှောင်တယ်။ တချို့တွေကတော့ မြို့တွေပေါ်ကို တိမ်းရှောင်တာရှိတယ်။ အခုလက်ရှိစစ်ရှောင်စခန်းမှာ စစ်ရှောင်၂၀၀၀ ကျော်က စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ကြုံတွေ့နေရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စခန်းသိမ်း တိုက်ပွဲအပြီး ကျောက်ကြီးမြို့နယ် အတွင်းရှိ ပဒဲကော၊ ဘောကထ၊ ကုန်းမြင့်သာယာ၊ ကော့ကြာသဲကားလမ်းမတစ်လျှောက်နှင့် ကျေးရွာများအတွင်းတိုက်ပွဲ များဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံကျေးရွာသားများ ရိက္ခာမသယ် ယူရဲကြတော့ဘဲ စစ်ကောင်စီ၏ ဒရုန်းယာဉ်နှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု ကြောင့်လည်း ကျေးရွာအတွင်းရှိ လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။
“၁၄ ရက်၊ ၁၅ ရက်နေ့မှာ စားနပ်ရိက္ခာ စပြီးပြတ်လပ်တယ်။ အဲ့ဒီနေ့မှာဆို တစ်ရက်စာ နှစ်ရက်စာ လောက်ပဲကျန်တယ်။ အခုက လက်ရှိရွာကိုလည်း ပြန်လို့မရဘူး။ တိုက်ပွဲက လည်း ဆက်ဖြစ်နေတော့ စားနပ်ရိက္ခာလာပို့ဖို့က အဆင်မပြေတော့ အစားအသောက် အခက်အခဲဖြစ်နေရတယ်။ နောက်တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေက အိမ်တွေထိတယ်။ ပျက်စီးတာတွေရှိတယ်။ ရွာသူရွာသားတွေကတော့ ထိတာ မရှိသေးဘူး”ဟု စစ်ရှောင်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒရုန်းများနှင့်လက်နက်ကြီးများဖြင့် ပြည်သူများကို အဓိကပစ်မှတ်ထား ပစ်ခတ်နေပြီး အလားတူ မုန်းမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က ဒရုန်းဖြင့်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီး(၁၂) လုံးထက်မနည်းပစ်ခတ်ခဲ့ကာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ ကြောင်းလည်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။



















