Home သတင်း အခွန်အခများ မြှင့်တက်လာ၍ ကွမ်းသီးခြံပိုင်ရှင်များ လုပ်ငန်းရပ်နားထားနေရ

အခွန်အခများ မြှင့်တက်လာ၍ ကွမ်းသီးခြံပိုင်ရှင်များ လုပ်ငန်းရပ်နားထားနေရ

1183
Photo: CJ

နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ် ကျေးရွာများရှိ ကွမ်းသီး လုပ်ငန်းလုပ်ကိုင်ကြသူများအနေဖြင့် လမ်းကြေးအခွန်အခများတိုးလာပြီး ကွမ်းသီး စျေးမတည်ငြိမ်မှုများကြောင့် ဝင်ငွေနည်းပါးလာကာ ကွမ်းသီးလုပ်ငန်းကို ရပ်နားထား ရသည်အထိကြုံတွေ့နေကြရကြောင်း ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိကျေးရွာများတွင် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ယခုလ နိုဝင်ဘာအထိကွမ်းသီးစျေးမတည်ငြိမ်မှုများနှင့် လမ်းကြေးအခွန်အခကြေးများ တစ်ဆတစ်ဆ တိုးလာသောကြောင့် ကွမ်းသီးလုပ်ကိုင်သူ ကျေးရွာနေပြည်သူများ အနေဖြင့် အမြတ်မရှိဘဲဝင်ငွေနည်းပါးလာကြောင်း ဒေသခံကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကွမ်းသီးလုံးက အဝယ်ရပ်လိုက်ပြီး။ သယ်ရတာပင်ပန်းတယ်။ ပြီးတော့ကွမ်းသီး ခြောက်က တစ်ပိဿာကို ၄၅၀၀ ပဲရောင်းရတာ။ အကောက်အခွန်ကတော့ အရင်က ထက်ပိုများလာတယ်။ ကွမ်းသီးတွေကမြို့ကိုပို့ရတာဆိုတော့ လမ်းတစ်လျှောက် စစ်တပ် ဂိတ်ရှိတယ်လေ။ သူတို့က တစ်သောင်းကျပ်နဲ့အထက် ကောက်တာ။ ကားတစ်စီး ကို အမြတ်မကျန်တေ့ာဘူးလေ။ ပြီးတော့ ဒေသတွင်းမှာလည်း သိပ်ပြီး အခြေအနေ မကောင်းဘူး။ ဝင်ငွေနည်းလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကွမ်းသီးခြောက် ရောင်းဝယ်ရေးလုပ်ကိုင်သူများအနေဖြင့် မြို့ပေါ်ရှိ ပွဲရုံများကို တင်ပို့ရောင်းချရာမှာလည်း လမ်းခရီးတွင် အခက်အခဲများစွာရှိနေပြီး တင်ပို့သယ် ဆောင်မည့် လမ်းခရီးအတွက် ထောက်ခံစာ စာရွတ်စာတမ်းများစွာကို ပြုလုပ်ရကြောင်း ကွမ်းသီးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“လမ်းကြေးကောက်တဲ့အပြင် ကွမ်းသီးကမြို့ပေါ်တွေတင်ရောင်းရတာဆိုတော့ ပွဲရုံတွေ လည်း ရန်ကုန်တင်ရင် အခက်အခဲတွေရှိတာပေါ့။ စာရွက်စာတမ်းတွေ အများကြီး လို တယ်။ ပြီးတော့အမြတ်ကြေးတို့၊ အခွန်ဆောင်ထားတဲ့စာရွက်ပါမှ ပြီးရင်အခြားစာ ရွက်စာတမ်းတွေလည်းပါရသေးတယ်။ တစ်ခါတစ်ခါရောင်းရဖို့ကို အလုပ်ရှုပ်တာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ တိုက်ပွဲများစွာ ဖြစ်ပွားရာ ကရင်ပြည်နယ်၏ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ရှိ ကွမ်းသီးစိုက်ပျိုးသည့် ကျေးရွာများတွင်လည်း ယခုနှစ်အတွင်းကွမ်းသီးအရောင်း အဝယ်လုပ်ကိုင်သူနည်းပါးလာကြောင်းဒေသတွင်း သတင်းအရင်းမြစ်များပြောစကားအရ သိရသည်။