Home သတင်း သံတောင်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ၈၀၀ ခန့် အနွေးထည်နှင့် ရိက္ခာအကူအညီများ လိုအပ်နေ

သံတောင်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ၈၀၀ ခန့် အနွေးထည်နှင့် ရိက္ခာအကူအညီများ လိုအပ်နေ

1156
Photo: Tun Myanmar Donation

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်းကျေးရွာများရှိ စစ်ဘေးရှောင် (၈၀၀)ခန့်သည် လက်ရှိအချိန်တွင် စားဝတ်နေရေးခက်ခဲ၍ ဆောင်းတွင်းကာလ အအေးပိုလာမှုကြောင့် အနွေးထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသော Tun Myanmar Donation အဖွဲ့ထံမှ သိရသည်။

သံတော်ကြီးမြို့နယ် မြောက်ပိုင်းရှိ ယာဒို၊ ဝါသောခို၊ သောက်ရေခပ်နှင့် ခေးချီးကျေးရွာများရှိ အဆိုပါစစ်ရှောင်ပြည်သူများမှာ ကယား(ကရင်နီ)ဘက်မှ တိုက်ပွဲများကြောင့် တိမ်းရှောင်လာရ သူများဖြစ်ပြီး အချို့မှာ ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်သည်။ ထို စစ်ဘေးရှောင် များထဲတွင် အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုဦးရေပိုများသည်ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောပြသည်။

“တချို့ဆို ဆန်မရတာ ၃၊ ၄ လလောက်ရှိပြီ၊ လက်ရှိရွာထဲမှာ နေ့စားအလုပ်တွေလုပ်ပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်။ ဆန်၊ ဆီ၊ ဆားနဲ့အလိုအပ်ဆုံးကတော့ အနွေးထည်ပေါ့၊ အရမ်းအေးလို့ အနွေးထည်မလောက်ဘူး။ နှာစေးချောင်းဆိုးဖြစ်ကြတော့ ဆေးတွေလည်းလိုအပ်ပါတယ်” ဟု သူက ကေအိုင်စီသို့ ပြောသည်။

စစ်ဘေးရှောင်ပြည်သူများမှာ စစ်ရှောင်စခန်းများ ဆောက်လုပ်၍နေထိုင်ကြခြင်းမျိုးမဟုတ်ဘဲ ရွာခံများ၏နေအိမ်တွင် မှီခိုနေထိုင်ကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီပေး နေသော ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာနမှ ဆရာတစ်ဦးကလည်း ပြောသည်။

Photo: Tun Myanmar Donation

၎င်းက “ရေရှည်ကျတော့ အိမ်ရှင်မိသားစုတွေပေးထားတဲ့ဟာတွေက အဆင်မပြေဘူးလေ၊ ကျနော်တို့သာသနာ့နယ်ကို ရောက်လာရင် ကျနော်တို့ရှိတာလေးတွေနဲ့ပဲ ထောက်ပံ့ပါတယ်၊ လတ်တလောစားဖို့ပဲ ဖြေရှင်းပေးနိုင်တယ်ပေါ့၊ အရမ်းကြီးထောက်ပံ့ပေးနိုင်တာမျိုးတော့ မရှိပါဘူး၊ သွားလှူချင်တဲ့သူရှိရင်တော့ လမ်းကြောင်းကူညီပေးနိုင်ပါတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၂ခုနှစ်၊ မေလပိုင်းမှစ၍ ယခုလက်ရှိအချိန်ထိ သံတောင်ကြီး အထူးဒေသကာကွယ်ရေးတပ်ဖွဲ့(NTDF) လက်အောက်ခံတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ၎င်းနယ်မြေတွင် နေထိုင်သူဒေသခံများမှာ တိုက်ပွဲနှင့် လွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ ထံမှ သိရသည်။