Home သတင်း ပြည်နယ်နေ့ကျင်းပသည့် ကွင်းအနီး အသံဗုံး ၂ ကြိမ်ခန့် ပေါက်ကွဲသံကြားရကြောင်း မြို့ခံများပြောဆို

ပြည်နယ်နေ့ကျင်းပသည့် ကွင်းအနီး အသံဗုံး ၂ ကြိမ်ခန့် ပေါက်ကွဲသံကြားရကြောင်း မြို့ခံများပြောဆို

1053
Photo: CJ

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်နေ့ ကျင်းပမည့် ပြည်နယ်ကွင်းအနီးရှိ လုံခြုံရေးတင်းကြပ်လမ်းပိတ်ထားသည့် ပြည်နယ်လ၀က ရုံးအနီးနှင့် ယဉ်ကျေးမှုပြတိုက်အနီးနေရာ ၂ ခုတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားသံကြားရကြောင်း ဖားအံမြို့ခံများက ပြောသည်။

“ရဲမှရဲ စစ်မှစစ်ဆိုတဲ့နေရာမှာပေါက်တယ်။ ဗျောက်အိုးဖောက်တယ် ထင်နေတာ၊ နောက်တော့ ပြည်နယ်လ၀က ရုံးလမ်းကြားနဲ့ ယဉ်ကျေးမှုပြတိုက်နားက အသံဗုံးပေါက်တာလို့ ပြောတယ်၊ ရဲနဲ့ စစ်တပ်ကင်းပုန်းချထားတာ အဲ့နေရာတွေက စစ်အာဏာသိမ်းကတည်းက လမ်းပိတ်ထားတဲ့လမ်းတွေ၊ အဲ့လမ်းတွေမှာနေတဲ့သူတွေက ထွေအုပ်မှာ ၀င်ထွက်ခွင့်ကဒ်တို့ထောက်ခံချက်တို့ လုပ်ပြီးမှ သွားလာရတဲ့ နေရာနေရာပါ။”ဟု ရပ်ကွက်သားတစ်ဦး က ပြောသည်။

ယခုနှစ် ကျင်းပသည့် ကရင်ပြည်နယ်နေ့အား လုံခြုံရေးတင်းကြပ်စွာချထားသည့်ကြားမှ ယခုလို ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် မေးခွန်းထုတ်စရာဖြစ်စေသည်ဟု မြို့ခံများက ပြောသည်။

အခြားမြို့ခံတစ်ဦးကလည်း “အခုက မန်းငြိမ်းမောင်တို့ ၊ သက်သက်ခိုင်တို့ မင်းအောင်လှိုင်တို့ ပြည်နယ်ပွဲဖွင့်ပွဲ လာမယ်ဆိုတော့ လုံခြုံရေးက တစ်မြို့လုံးရေကြောင်းရောကုန်းကြောင်းရောလုံခြုံရေးကအပြည့်အပြင် PC တို့ DKBA တို့၊ BGF တို့ကိုပါ အင်အားဖြည့်ရွာတွေဘက်အထိလုံခြုံရေးချထားတာ၊ ပြည်နယ်ပွဲကို စည်ကားအောင်လုပ်မယ်ဆိုပြီး တကယ်တန်းကျတော့ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်ကောင်စီ၀န်ထမ်း၊ ၀န်ထမ်းမိသားစုတွေပဲ ၀င်ခွင့်ကဒ်နဲ့ သွားလာလို့ရတယ်။ ဒုံးစင်မှာ ဒုံးသာပြိုင်နေတာ စစ်ကောင်စီနဲ့ ဒုံးအဖွဲ့ပဲရှိတယ်၊ လူထုပရိတ်သတ်မပါဘူး”ဟု ပြောသည်။

အဆိုပါ ကရင်ပြည်နယ်နေ့ပွဲတော်အား ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအား ဖိအားပေးဒုံးအက လေ့ကျင့်ခိုင်းပြီး စစ်တပ်ထောက်ခံသည့် ကျေးရွာဒုံးအသင်းနာမည်ခံကာ လာရောက်ယှဉ်ပြိုင်စေကြောင်း၊ လက်ဝှေ့ပွဲများ တေးဂီတဖျော်ဖြေပွဲများအား စစ်တပ်ထောက်ခံသူများမှ ဒေသအတွင်း လက်ဝှေ့သမားများ၊ အဆိုတော်များအား ငှားရမ်းဖိတ်ခေါ်ကာ ကျင်းပမည်ဟု မြို့ခံများက ပြောဆိုသည်။

နံနက်ဖြန် နို၀င်ဘာလ ၇ ရက် ညနေ ၃ နာရီတွင် စစ်ကောင်စီမှ ကရင်ပြည်နယ်နေ့ ပွဲတော်ဖွင့်ပွဲ ပြုလုပ်မည်ဟု သိရသည်။

Photo: CJ