Home သတင်း တိုက်ပွဲဖြစ်နေရာဘက် ပစ်ခတ်နေသည့် ကော့ကရိတ် ၉၇တပ်မှ လက်နက်ကြီးများ မြို့တွင်းကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ သေဆုံး၊ ၂ ဦးဒဏ်ရာရ

တိုက်ပွဲဖြစ်နေရာဘက် ပစ်ခတ်နေသည့် ကော့ကရိတ် ၉၇တပ်မှ လက်နက်ကြီးများ မြို့တွင်းကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ သေဆုံး၊ ၂ ဦးဒဏ်ရာရ

1385
Photo: CJ

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အနောက်ဘက် ခနိမ်းမူရပ်ကွက်အပိုင်းတွင် ယနေ့ နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ် နေပြီး ၉၇ တပ်မှ ပစ်ခတ်သည့် မော်တာကျည်များ မြို့တွင်း လူနေရပ်ကွက်များပေါ် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ၏ရရှိကာ ဘုန်းကြီးကျောင်းများထိခိုက်ပျက်စီးကြောင်းကနဦး သတင်းများအရ သိရသည်။

ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက် အမှတ် ၃ စစ်ကောင်စီ မြို့အ၀င်စစ်ဆေးရေး ဂိတ်အနီး ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ် စုပေါင်းရုံး အနောက်ဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ယနေ့နံနက်ပိုင်း ၇နာရီ ၃၀ ခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ကော့ကရိတ် ၉၇ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးမော်တာကျည်များ မြို့တွင်း ပန်းခြံဆိုင်တန်းအနီး ကျရောက်ပေါက်ကွဲသဖြင့် ရပ်ကွက်နေပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိပြီး သတိပဌာန်ဘုန်းကြီးကျောင်းနှင့် အနီး၀န်ကျင်နေအိမ်တချို့ထိခိုက်ပျက်စီးကြောင်း ကော့ကရိတ် မြို့ခံတစ်ဦးက ပြောသည်။

သူက “မနက် မိုးလင်းချင်းပဲ လက်နက်အသေးသံစကြားရတယ်။ ခနိမ်းမူ ရုံးကြီးကုန်ဘက် ပစ်နေကြပြီဆိုပြီး သတင်းကြားရတယ်၊ ပြီးတော့ အလုံးကြီးသံတွေ ၉၇ က ပစ်ထုတ်တာရော၊ ကျပေါက်ကွဲတာရော နီးနီးလေးကြား ရတော့ အိမ်ပါတုန်တယ်၊ စစ်တပ်ကပစ်တဲ့ အလုံးကြီးက ၃လုံးပေါက်တာမှာ ဂေါက်ကွင်းပန်းခြံလမ်းမှာကျတာ ရပ်ကွက်သား ၁ ယောက်သေတယ်၊ ၂ယောက်ဒဏ်ရာရသွားတယ်။ သတိပဌာန် ကျောင်းဟောင်း ဆွမ်းစား ဆောင်ဘက်လည်း အလုံးကြီးကျတာ ပျက်စီးကုန်တယ်၊ ရပ်ကွက်အိမ်တချို့လည်း ထိကုန်တယ်၊ လူတွေ ထပ်ပြီး ထိတာတော့ မသိသေးဘူး။ တိုက်ပွဲက ဆက်ပစ်နေတုန်းပဲ၊ မြို့ကို ၀င်ပစ်နေပြီလို့ သတင်းတွေ ပြောနေကြတယ်”ဟု ပြောပါတယ်။

Photo: CJ

KNU တပ်မဟာ ၆ နယ်မြေအတွင်း ကော့ကရိတ် မြ၀တီအာရှလမ်းသစ်တောနော် ချောင်းဖျား ဘက်တွင် အောက်တိုဘာလ ၁၉ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်၊ နယ်ခြားစောင်တပ် -BGF ပူးပေါင်းတပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် အာရှလမ်းမကြီးအား ဖြတ်သန်းခွင့် ပိတ်ထားသည့် ၃ ရက် အကြာ ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ စစ်ကာင်စီ ဌာနဆိုင်ရာ ရုံးများ၊ ရဲစခန်းများ၊ ရဲအချုပ်ထောင်နှင့် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များရှိသည့် အမှတ် ၇ ရပ်ကွက် နေရာဘက်တွင် တိုက်ပွဲဆက်လက် ပစ်ခတ်မှုများ ရှိ နေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ လက်ရှိတွင် ကနိမ်းမူရပ်ကွက်ပိုင်းဘက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်နေပြီဟု ဒေသခံများက ပြောသည်။

Photo: CJ