Home သတင်း ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များမီးရှို့၍ ဒေသခံ ၈,၀၀၀ ကျော် တိမ်းရှောင်ရ

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များမီးရှို့၍ ဒေသခံ ၈,၀၀၀ ကျော် တိမ်းရှောင်ရ

1695
Photo: Crd.

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁) နယ်မြေ၊ ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်း ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ရက်နေ့တွင် စစ်ကောင်စီတပ်က လူနေအိမ် (၆)လုံးမီးရှို့သွားပြီး ဒေသအတွင်း ဒေသခံ ၈,၀၀၀ (ရှစ်ထောင်)ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ်များဝင်ရောက် မီးမရှို့ခင်တွင် ကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်ပြီးမှ ရွာထဲရှိ နှစ်ထပ်အိမ်အပါအဝင် အိမ်ကြီး ၆ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု အဆိုပါ သတင်းထုတ်ပြန်ထားချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပိန္နဲကုန်းဒေသခံ ၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားသလို ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံလူနေအိမ်များကိုလည်း ဖောက်ထွင်းဖျက်ဆီး၍ အိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားသည့်အပြင် ကျေးရွာဘုန်းကြီးကျောင်းထဲတွင် ဝင်ရောက်တပ်စွဲနေထိုင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုပြီးတဲ့နောက်မှာ ကျိုက်ထိုဘက်မှာ စစ်ရေးလှုပ်ရှားမှုများလာတယ်။ ရွာတွေမှာလည်း လက်နက်ကြီးတွေတော်တော်ပစ်ထုတ်တယ်။ ပိန္နဲကုန်းရွာမှာ ဟိုနေ့က အိမ်တွေမီးရှို့သွားတာ ဟုတ်တယ်။ ကျိုက်ထီးရိုးတောင်ခြေရွာတော်တော်များများမှာတော့ ထွက်ပြေးတိမ်းရှောင်ရတယ်။ လေယာဉ်တွေနဲ့လည်း မကြာခဏ လာပတ်တယ်။ ပစ်ခတ်မှုတွေလည်း ရှိတယ်။ ”ဟု ကျိုက်ထိုမြို့နယ်ရှိ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကျိုက်ထိုမြို့နယ် အထက်အင်္ဂဘိုရွာ စစ်စီးကုန်းမှတစ်ဆင့် အင်အား ၂၀၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၃ရက်နေ့ကတည်းက စတင်လှုပ်ရှားလာပြီး အောက်တိုဘာလ ၁၈ရက်နေ့တွင် ပိန္နဲကုန်းရွာထဲကို စတင်ဝင်ရောက် တပ်ဖြန့်ထားသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

Photo: Crd.

စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်း အင်္ဂဘို၊ ကဒိုင်ဒွတ်၊ ရွှေဂဲရိုး၊ ဂူးကူး ၊ ကျောက်ဖျာ၊ ရွာသစ် ဇီးပြောင်းအပါအဝင် ကျေးရွာပေါင်း ၂၀နီးပါးထွက်ပြေးတိမ်းရှောင်ရပြီး အဆိုပါ စစ်ရှောင်များအတွက် အကူအညီလိုအပ်ကြောင်းလည်း သိရသည်။

လက်ရှိ ကျိုက်ထိုမြို့နယ်ထဲတွင် အင်အား (၅၀၀)ခန့်ရှိ နယ်မြေကျော်လွန်လှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ (စကခ-၁၃)၊ (ခမရ-၅၅၉)၊(ခလရ-၄၈)၊(တပ်မ-၇၇)၊(တပ်မ-၄၄)၊(ခမရ-၂၀၇)၊(ခမရ-၂) တပ်များဖြစ်ပြီး အင်္ဂဘိုရွာ စစ်စီးကုန်းဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကျိုက်ထီးရိုးတောင်တန်း ဝိဇ္ဇာတောင်ဘက်တစ်ကြောင်း စစ်ကြောင်းထိုးဝင်ကာ အင်္ဂဘိုရွာသား ၄ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုလည်းရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်တက်ဂိတ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရားဖူး ခရီး သည် ၃ ဦးသေဆုံးမှုရှိသည့် ဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် ကျိုက်ထီးရိုးတောင်ခြေ ကေအဲန်ယူ ကျိုက်ထိုမြို့နယ်ထဲတွင် စစ်ရေးလှုပ် ရှားမှု ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။