အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ ၊ ထိန်းချုပ်နယ်မြေအတွင်းရှိ မိဖာလဲရွာ၌ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) အမှတ် (၇၇၇)တပ်ရင်းမှူး စောဝင်းကျော်၏ နေအိမ်ပစ်ခတ်မီးရှို့ဖျက်ဆီးခံရသည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့၊ ည ၇ နာရီဝန်းကျင်အချိန်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် အသက် ၃၈ နှစ်အရွယ် စောဝင်းကျော်၏ ဇနီးဖြစ်သူ နော်ဖောဝါးနှင့် တပ်ဖွဲ့ဝင် ၄ဦးအပါအဝင် လက်နက်ကျည်မှန်သေဆုံးသွားကြောင်း သိရှိရသည်။ သို့သော် စောဝင်းကျော်နှင့် သမီးဖြစ်သူ နော်လေးလေးဝါးတို့ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
၎င်းအပြင် ထိုလာရောက်ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့က စောဝင်းကျော်၏ နေအိမ်အား မီးရှို့ဖျက်ဆီးသွားပြီး ခြံအတွင်းရှိ Vigo ကား ၂ စီးကိုလည်း ယူဆောင်သွားခဲ့ကြသည်ဟု မိဖာလဲရွာခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
၎င်းက “ အဲ့အိမ်က ကျနော်တို့အိမ်နဲ့ သိပ်မဝေးဘူး။ ပစ်သံတွေ အဆက်မပြက် ကြားနေရတယ်။ ဘယ်အဖွဲ့က လာပစ်တာကိုတော့ မသိရဘူး။ သွားလည်း မသွားကြည့်ရဲကြဘူး။ မနက်မိုးလင်းမှ သူ့အမျိုးသမီးနဲ့ တပ်သားတွေ သေသွားတာ သိရတယ်။” ဟု ပြောသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းက စောဝင်းကျော်၏ နေအိမ်ကို လာရောက်ပစ်ခတ်ရသည့် အကြောင်း အရင်းကို ဒေသခံများအနေဖြင့် မသိရှိကြသလို ဖြစ်စဉ်အသေးစိတ် သိရှိရန်အတွက် ကေအိုင်စီအနေဖြင့်လည်း သက်ဆိုင်ရာ KNU/KNLA-PC တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။



















