Home သတင်း ဧရာဝတီတိုင်းတွင် ကရင်ပြည်သူ့ပါတီ တိုင်းအဆင့် အစည်းအဝေး လုပ်သွားမည်

ဧရာဝတီတိုင်းတွင် ကရင်ပြည်သူ့ပါတီ တိုင်းအဆင့် အစည်းအဝေး လုပ်သွားမည်

603
Photo: CJ

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကရင်ပြည်သူ့ပါတီ(KPP) အနေဖြင့် ပါတီအခြေစိုက်ရာ မြို့နယ် အားလုံးပါဝင်သည့် တိုင်းအဆင့် ပါတီတွေ့ဆုံပွဲကို ယခုလာမည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူထံမှ သိရသည်။

KPP ၏ ဗဟိုအနေဖြင့် အောက်ခြေပါတီအဖွဲ့ဝင်များ၏ အခြေအနေများကို သိရှိရန်နှင့် လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ပြုလုပ်သွားရန် ရည်ရွယ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းပြု၊ မပြုအပေါ် ပါတီဝင်များ၏ သဘောထားကို ရယူသွားရန်အတွက်ဖြစ်ကြောင်း ပါတီ နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကိုဗစ်ဖြစ်ကတည်းက တခါမှ မတွေ့ဖြစ်ကြဘူးလေ။ အခုက ပြန်ကြည့်တာပေါ့လေ။ အခြေအနေတွေအရ ဘယ်လိုတွေ ဆက်လုပ်ကြမလဲပေါ့။ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ကလည်း အခုထက်ထိ မကြိမ်းသေသေးပါဘူး။ ဒါပေမဲ့ UEC က ခိုင်းထားတာတွေတော့ လုပ်ထားတယ်။ လုပ်စရာရှိတာတော့ လုပ်ထားပေမဲ့ ဝင်ဖို့ မဝင်ဖို့ကတော့ မဆုံးဖြတ်ရသေးဘူး။ မီးစင်ကြည့်ကမယ်တဲ့ အခြေအနေအရတော့။”ဟု ကေအိုင်စီသို့ ပြောသည်။

တစ်ရက်တာသာ ပြုလုပ်သွားမည့် အဆိုပါ ပါတီတွေ့ဆုံပွဲတွင် ပါတီဝင်များ၏ သဘောထား ခံယူ ချက်များကို ဗဟိုအနေဖြင့် နားထောင်သွားရန်နှင့် သက်ကြီးပိုင်းနေရာများအတွက် လူငယ်များဖြင့် သွေးသစ်လောင်းနိုင်ရန်အတွက်လည်းပါဝင်ကြောင်း ထိုနီးစပ်သူက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် လာမည်နှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုထားပြီး ပြင်ဆင်မှုအချို့လည်းပြုလုပ်နေသည်။ ၎င်းတို့ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)ကလည်း နိုင်ငံရေးပါတီများကို စိစစ်ပေးရန် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မေလ ၂၄ ရက်နေ့က ပြည်ထဲရေးကို အကြောင်းကြားခဲ့သလို ပါတီတချို့ကိုလည်းပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ ကောက်ခံပုံ၊ လှုပ်ရှားမှု၊ မတရားအသင်း ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိ မရှိ စသည်တို့ကို လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

KPP ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းရှိ မရှိရန် မဆုံးဖြတ်ရသေးသော်လည်း ရွေးကောက်ပွဲဝင်ဖြစ်လျှင်လည်း ပြည်တွင်းရှိ ကရင်အမျိုးသားများအတွက်သာ ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေး နေရာရလိုမှုအတွက် မဟုတ်ကြောင်းလည်း အမည်မဖော်လိုသူ ဗဟိုပါတီဝင်တစ်ဦးက ဆိုသည်။

သို့သော် လက်ရှိ စစ်ကောင်စီမှ ပြုလုပ်ရန် ရည်ရွယ်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် နိုင်သူ အကုန်ယူ (First Past The Post- FPTP) စနစ်ထက် တိုင်းရင်းသားပါတီများ ပိုမိုလက်ခံဖွယ်ရှိသည့် အချိုးကျ ကိုယ်စားပြုမှုစနစ်(Proportional Representation-PR) စနစ်ကို ကျင့်သုံးသွားမည်ဖြစ် ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကောင်စီ ခေါင်းဆောင်က တရားဝင်ပြော ဆိုထားသည်။

သို့သော် စစ်ကောင်စီမှ ပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါ အဝင် အတိုက်အခံ ပါတီတချို့မှ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယခုလအတွင်း ကြေညာပြောဆိုထားမှုများရှိသည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP အနေဖြင့်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီ ဦးစီးကျင်းပမည့် ၂၀၂၃ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တိကျသည့် ဆုံးဖြတ်ချက် မချရသေးဟု ပါတီဥက္ကဋ္ဌ ဖြစ်သူ မန်းအောင်ပြည်စိုးက ယခုလ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။

ကရင်ပြည်သူ့ပါတီ(KPP)ကို ၂၀၀၉ ‌မေလတွင် တရားဝင်တည်‌ထောင်ခဲ့ပြီး ပါတီအ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ ကောက်ပွဲတွင် ကိုယ်စားလှယ် ၆ ‌နေရာ၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးနှင့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးစီ အနိုင်ရရှိထားသည်။