Home သတင်း စစ်ခေါင်းဆောင် လာရောက်ခဲ့ပြီးနောက် အစစ်အဆေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိနေ

စစ်ခေါင်းဆောင် လာရောက်ခဲ့ပြီးနောက် အစစ်အဆေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိနေ

977
Photo: We love Hpa An

အောက်တိုဘာလ ၁၈ရက် ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယမန်နေ့ အောက်တိုဘာလ (၁၇) ရက်နေ့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့ပြီးသည့်နောက် မြို့တွင်းအစစ်အဆေးများ ဆက်လက်တင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “အခုမနက်က စျေးထဲမှာလည်း စစ်နေတယ်။ လမ်းဂွမှာတော့ ရဲကားတွေရှိနေတုန်းပဲ။ မနက်က တွေ့တဲ့ရဲတွေက အရင်တွေ့နေကျ လူတွေမဟုတ်တော့ဘူး။ ဘယ်က ရဲတွေလည်း မသိဘူး။ ဘာအစီအစဉ်ရှိသေးလဲတော့ မသိဘူးလေ။ စစ်ကားအကြီးတွေနဲ့ရော မီးပွိုင့်မှာ စောင့်နေကြတာ။ မြို့ထဲမှာတော့ လူတွေသိပ်မတွေ့ဘူး ရှင်းနေရော”ဟု ကေအိုင်စီ သို့ ပြောသည်။

ယမန်နေ့ စစ်ခေါင်းဆောင်၏ ကရင်ပြည်နယ် ခရီးစဉ်အတွက် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအနှံ့ လုံခြုံရေး ရယူထားသလို လေကြောင်းဖြင့်လည်း မြို့အနှံ့ ပတ်ပျံမှုများရှိကာ ပြီးခဲ့သည့် ခရီးစဉ်ကာလတုန်းက ပြောဆိုထားသည့် ကိစ္စများကို လာရောက်စစ်ဆေး ခြင်းဖြစ်ကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

“မနေ့ကဆို လေယာဉ်ပျံလည်း တက်လိုက်ဆင်းလိုက်ပဲ။ စစ်ခေါင်းဆောင်လာလို့ လေယာဉ်ပျံတွေလာတယ်။ ရဲတွေလည်း အင်အားအများကြီးပဲ နေရာတိုင်းမှာ လုံခြုံရေးချထားတယ်။ မင်းအောင်လှိုင်က ဟိုတစ်ခေါက်လာတုန်းက အဲ့ဒီဘောလုံး ကွင်းကို သူဆောက်ခိုင်းတာ။ ငါနောက်တစ်ခါလာရင် ဒီအတိုင်းမမြင်ချင်ဘူးတဲ့။ သူ့အမိန့််ပေးသွားတယ်လို့ တပ်ထဲက လူဆီကကြားတယ်။ ၁၆ ရက်နေ့ ညနေကတည်းကနေ မြို့ထဲမှာ ရှုပ်နေကြတာ။ မီးပွိုင့်တွေ လမ်းထောင့်တွေမှာ လူအင်အားတွေ လိုက်ချထားတယ်”ဟု ဖြည့်စွက်ပြောသည်။

Photo: We love Hpa An

ယမန်နေ့က ဖားအံမြို့တွင်း ခရီးစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းတို့ ခန့်အပ်ထားသည့် ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦးအပါအဝင် အခြားသောဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လှာကမြင်ကွက်သစ် ဇွဲကပင်အားကစားကွင်း၊ စက်မှုဇုန်စသည့်တို့ကို သွားရောက်ခဲ့စစ်ဆေးခဲ့ကြောင်း မြို့ခံများက ဆိုသည်။

ထို့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မော်လမြိုင်မြို့တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် စစ်ကောင်စီတပ်သားများကိုလည်း သွားရောက်ကြည့်ရှုခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းတုန်းကလည်း စစ်ခေါင်းဆောင်သည် ဖားအံမြို့တပ်မ(၂၂)သို့ လာရောက်ကာ ၎င်း၏ တပ်သားများနှင့် တပ်မိသားစုဝင်များကို ဆန်နှင့် ငွေကြေးများထောက်ပံ့ခဲ့ပြီး စစ်အာဏာသိမ်းပြီးသည့်နောက် ဖားအံမြို့ကို စစ်ခေါင်းဆောင် လာရောက်သည်မှာ နှစ်ကြိမ်ရှိပြီးဖြစ်သည်။