Home သတင်း လုံခြုံရေးတင်းကြပ်သည့်ကြားမှ မကြာခဏ ဗုံးဖောက်ခွဲမှုနှင့် ဗုံးတွေ့ရှိမှုများကြောင့် စစ်ကောင်စီနှင့် ဆက်စပ်အဖွဲ့များအပေါ် မြို့ခံများ သံသယဖြစ်နေ

လုံခြုံရေးတင်းကြပ်သည့်ကြားမှ မကြာခဏ ဗုံးဖောက်ခွဲမှုနှင့် ဗုံးတွေ့ရှိမှုများကြောင့် စစ်ကောင်စီနှင့် ဆက်စပ်အဖွဲ့များအပေါ် မြို့ခံများ သံသယဖြစ်နေ

1120
Photo: Crd.

အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီ-မဲဆောက်တံတားထိပ်တွင် လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားသည့်အကြားတွင် မကြာခဏ ဗုံးဖောက်ခွဲမှုနှင့် ဗုံးတွေ့ရှိမှုများဖြစ်နေခြင်းကြောင့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF အဖွဲ့များအပေါ် သံသယဖြစ်မိကြောင်း မြို့ခံများအကြား ဝေဖန်သုံးသပ်ပြောဆိုမှုများရှိနေသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ရက်က မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ပေါ်ရှိ စစ်ကောင်စီ အကောက်အခွန်ရုံး၊ မြ၀တီရဲစခန်းလမ်းဆုံအနီး နယ်ခြားစောင့်တပ် -BGF တပ်နယ် ၃၏ တပ်မှူး ဗိုလ်မှူးစောမုတ်သုန်၏ ကုန်တိုက်စတိုးဆိုင်ရှေ့တွင် ၂ ရက်ခန့်အကြာ ရပ်တန့်ထားခဲ့သည့် ကားတစ်စီးအတွင်းမှ ဂက်စ်အိုး ၄ လုံးဖြင့် ပေါက်ကွဲတတ်သည့် ပစ္စည်းတပ်ဆင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဖယ်ရှားလင်းခဲ့ရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။

မြဝတီမြို့ခံ ရပ်မိရပ်ဖတစ်ဦးက “ဗုံးထည့်ထားတဲ့ ကားက ၂ ရက်တောင် ရပ်ထားခဲ့တဲ့နေရာက စစ်ကောင်စီ BGF တွေ အမြဲရှိနေတဲ့ နေရာလေနော်၊ ကားတွေ ဗုံးတွေ့တယ်ဆိုတာက ခဏခဏ ဖြစ်နေတော့ မြို့မှာနေ့ရော၊ ညရော ကင်းလှည့် ကင်းပတ်နေကြတဲ့ အဖွဲ့အစည်းတွေ သံသယဖြစ်မိတယ်။ မြ၀တီမှာက ဟိုးအရင် စစ်အစိုးရ ခေတ်ကတည်းက ဖြစ်နေကျ၊ ပုံစံမျိုးတွေ အခုခေတ်ပျက်ချိန် ထပ်ပြန်ဖြစ်နေသလို ပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်း၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်းတို့ကြောင့် မြ၀တီမြို့နှင့် ကော့ကရိတ်၊ ဖားအံမြို့ လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီစစ်ဆေးရေး ဂိတ်များ ၊ မြို့အ၀င်၊ မြို့အထွက်၊ ကျေးရွာအ၀င်အထွက် စစ်ဆေးရေးဂိတ်များအား ဖြတ်သန်းသွားလာကြသည့် ကားများအား မှန်ချစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်စစ်ဆေးကြရန် BGF တပ်ဖွဲ့၀င်များအား လုံခြုံရေးတိုးမြှင့်ချထားသည့် အမိန့်စာအား BGF ဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက ထုတ်ပြန်ထားကြောင်း သိရသည်။

နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ပြီးခဲ့သည့် ဧပြီလတုန်းက ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး အမှတ် ၁ တံတားထိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို အောက်တိုဘာလ ၁၅ ရက်နေ့တုန်းကလည်း ထိုတံတားဘေး လမ်းတွင် ဖျက်အားပြင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တံတားနှင့် အိမ်စီးကားအချို့မီးလောင် ပျက်စီးမှုရှိခဲ့သည်။

Photo: Crd.

“အခု BGF ခေါင်းဆောင် ဗိုလ်မုတ်သုန်ကုန်တိုက်ရှေ့ မှာ ကားရပ်ထားခဲ့တာ ၂ရက်ရှိပြီဆိုပြီး ကားထဲဂက်စ်အိုး တွေနဲ့ ဗုံးလား၊ မိုင်းလားထောင်ထားတဲ့ ကားကို မီးသတ်ပိုက်နဲ့ ထိုးနေတယ်၊ ဗုံးရှင်းတာဆိုပြီး စစ်ကောင်စီဘက်ကလူတွေ ဗုံးတွေ့တဲ့ကားနား ဓါတ်ပုံတွေရိုက်နေကြတယ်။ ဗုံးတို့၊ မိုင်းတို့ဆိုတာ စက္ကန့်ပိုင်းလောက်အတွင်း ပေါက်ထွက်ခဲ့ရင် ပေါက်ကွဲအားပြင်း မယ့်အရာမျိုးပါ၊ ဒီလို ဗုံးထောင်တဲ့ကားက ၂ ရက်တောင် ရှိနေတယ်ဆိုတော့ ဘယ်လိုအကွက်တွေ ရွှေ့နေကြတာလည်းပေါ့၊ သံသယတော့ ဖြစ်ပါတယ်” ဟု အဆိုပါ ဗုံးရှင်းလင်းသည့် အခြေအနေအား မြင်တွေ့ရသည့် မြ၀တီ မြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးတစ်နှစ်နှင့် ၇ လခန့်ရှိလာချိန်တွင် မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီတပ်၊ BGF နှင့် စစ်ကောင်စီ ဌာနဆိုင်ရာ အဆောက်အဦးများ အနီး၀န်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ် အကြိမ် ၂၀ ခန့် ရှိပြီးဖြစ်သော်လည်း စစ်ကောင်စီနှင့်ပတ်သက်သည့်သူများ ထိခိုက်သေဆုံးမှုဖြစ်စဉ်မရှိဘူးသေးကြောင်း ဒေသတွင်းထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် အောက်တို့ဘာလ ၁၁ ရက်တွင်လည်း မြ၀တီမြို့ ကြံခင်းရပ်ကွက် မိုးကုတ်စျေးအနီး ထမင်းဆိုင် တစ်ခုအတွင်း ဗုံးပစ်သွင်းမှုကြောင့် ဆိုင်အလုပ်သမားတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ထက်မနည်း အခြေစိုက်လှုပ်ရှားနေပြီး လုံခြုံရေးအထူးတင်းကြပ်ထားသော မြို့တစ်မြို့လည်းဖြစ်သည်။