Home သတင်း သံလွင်မြစ်ဘေးရှိတစ်လျှောက်တွင် သဲ၊ ကျောက်စုပ်ယူမှု များပြားလာသောကြောင့် ကမ်းပါးပြိုကျမှုများရှိနေ

သံလွင်မြစ်ဘေးရှိတစ်လျှောက်တွင် သဲ၊ ကျောက်စုပ်ယူမှု များပြားလာသောကြောင့် ကမ်းပါးပြိုကျမှုများရှိနေ

1449
Photo: CJ

အောက်တိုဘာ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ သံလွင်မြစ်ဘေးတစ်လျှောက်ကျေးရွာများရှိ ကမ်းပါးနေရာများတွင် သံလွင်မြစ်တွင်း သဲ၊ ကျောက်စုပ်ယူမှုများ ပိုမိုများပြားလာသောကြောင့် ကမ်းနားစိုက်ပျိုးမြေ ပြိုကျမှုများ ပိုမိုဖြစ်ပေါ်လာကြောင်း ဒေသခံရွာသားများက ပြောသည်။

သံလွင်မြစ်အတွင်း သဲ၊ ကျောက်စုပ်ယူမှုများကြောင့် ကမ်းပါးမြေများ ရေတိုက်စားမှု ပိုမိုဖြစ်ပေါ်လာပြီး သံလွင်မြစ် ဘေးတစ်လျှောက်ရှိ မိကရင်၊ ဖားနွဲ့ကျွန်း၊ ဖားပု၊ မုက္ကဒိစသည့်် ကျေးရွာများမှာ ကမ်းပါး မြေပြိုမှုများကို အဓိက ကြုံတွေ့နေရကြောင်း မုက္ကဒိ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အရင်ကတော့ ရွာသူကြီးက သဲကျောက်စုပ်တဲ့စက်လှေတွေကို ကမ်းဘေးနဲ့ဝေးဝေးမှာ စုပ်ဖို့ပြောထားတယ်။ မြေအောက်မှာ သဲကျောက်စုပ်ယူလိုက်တော့ အပေါ်က မြေကြီးတွေမခံနိုင်ပဲ ပြိုကျကုန်တာ။ မိုးတွင်းဆိုရင် သံလွင် မြစ်ရေတက်တော့ ရွာလည်းမြှုပ်တယ်လေ။ စက်လှေတွေကတော့ ဖားနွဲ့ကျွန်းမှာရော၊ မိကရင်တောင်နား တစ်လျှောက် လုံးပေါ့။ မိုးကလည်း ရွာနေသေးတော့ ပိုဆိုးတာပေါ့။ အသီးအနှံစိုက်စားတဲ့ကမ်းပါးက လယ်ယာမြေတွေကတော့ မြေပြိုတော့ အကုန်ရှုံးတာပေါ့”ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ သံလွင်မြစ်တွင်း သဲ၊ ကျောက် လာရောက်စုပ်ယူနေသည့် စက်လှေများထံမှ သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိလူကြီးများနှင့် ကျေးရွာဘုန်းတော်ကြီးများက ငွေကြေးရယူထားမှုများရှိသည်ဟု ပြောဆိုနေကြသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်မရရှိပေ။

ယခင်နှစ်များကလည်း သံလွင်မြစ်တစ်လျှောက်ရှိ သဲကျောက်စုပ်ယူသည့်စက်လှေများကို ဒေသတွင်း တာဝန်ရှိသူများက တားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရှိရသည်။