အောက်တိုဘာ ၁၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၄ရက်ညက ဗုံးပေါက်ကွဲခဲ့ပြီး ကားသုံးစီး မီးလောင်ခဲ့သည့်အပြင် ပေါက်ကွဲ မှုအနီးဝန်းကျင်ရှိ လူနေအိမ်များကိုလည်း ဗုံးစများထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်များအရ သိရ သည်။
ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးတွင် ယမန်နေ့ ည ၇နာရီဝန်းကျင်အချိန် ဗုံး ပေါက်ကွဲကာ ကား ၃စီး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်တချို့နှင့် မီးကြိုးများ ထိခိုက်ပျက်စီးသွား ကြောင်း မြ၀တီမြို့ခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ဗုံးစ အများဆုံးထိတာကတော့ အဲ့ဒီနားက တစ်အိမ်ကတော့ တော်တော်ထိသွားတယ်။ အဲ့ဒီပတ်ဝန်းကျင်က အိမ်တွေလည်း ဗုံးစတွေ ထိကုန်တယ်။ ပြီးတော့ မီးကြိုးတွေလည်း ပြတ်ထွက်ကုန်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ ပေါက်ကွဲသည့် ဗုံးအမျိုးအစားကို အတိအကျ မသိရသော်လည်း အမှတ်(၁)တံတားအနီးတစ်နေရာနှင့် အမှတ် (၂)ရပ်ကွက်ရှိ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးရုံးအနီးတို့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဖြစ်စဉ်ပြီးနောက် သွားရောက်တွေ့မြင်ကြသူများက ပြောဆိုသည်။
မြို့ခံတစ်ဦးက “ဗုံးပေါက်ကွဲသံ ကျနော်ကြားတာက ၂လုံး။ တစ်လုံးနဲ့တစ်လုံး ၃မိနစ်ပဲ ခြားတယ်။ ပေါက်ကွဲသံက တော်တော့်ကို ကျယ်တာ။”ဟု အခင်းဖြစ်သည့်ညတွင် ကေအိုင်စီသို့ ပြောသည်။
မြ၀တီမြို့၊ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး ယခုကဲ့သို့ အလားတူ ထပ်မံ ဖြစ်ပွားလာမည်ကို တံတားအနီးဝန်းကျင်၌ နေထိုင်သူ မြို့ခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြ ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
အောက်တိုဘာ (၁၁)ရက်နေ့၊ ညအချိန်ကလည်း အမှတ်(၁)ချစ်ကြည်ရေးတံတားအရှေ့လမ်းသွယ် ယုဇနလမ်း၊ စတိုး ဆိုင်အနီးရှိ သူကြီးသမီးမယ်သင်း ထမင်းဆိုင်အတွင်းထဲသို့ လက်ပစ်ဗုံးပစ်သွင်းမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့သည်။