Home သတင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိများအပါအဝင် ၁၆ ဦး ဖမ်းဆီးခံရ

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိများအပါအဝင် ၁၆ ဦး ဖမ်းဆီးခံရ

1068

အောက်တိုဘာ ၁၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)သို့ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း-ခမရ ၃၅၈ အား ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၇ ပူးပေါင်းတပ်၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး အရှင်ဖမ်းဆီးခံရသည်ဟု သိရသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကြာအင်းရွာနှင့် တဂေးရွာအကြားတွင် ယမန်နေ့ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိတစ်ကြိမ်၊ ညနေ ၄ နာရီတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကြောင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ ဒုအရာခံဗိုလ် ၁ ဦးနှင့် တပ်သားများအပါအဝင် အားလုံးပေါင်း ၁၆ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းဆီးရမိပြီး ၆ ဦးသေဆုံးခဲ့သည်ဟု KNLA တပ်ရင်း ၁၇ တပ်ခွဲမှူး ဗိုလ်ကြီးသယ်ဖာထောက ကေအိုင်စီ သို့ အတည်ပြုပြောသည်။

ဗိုလ်ကြီးသယ်ဖာထောက “ စစ်ကြောင်းတစ်ကြောင်းလုံးက အရာရှိအားလုံး ဖမ်းမိတယ်။ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး၊ ဒုအရာခံဗိုလ်တွေပါတယ်။ တပ်သားတွေရောအပါ အားလုံး ၁၆ ဦး လက်နက်တွေနဲ့ ဖမ်းမိတယ်။ ၆ ဦးသေဆုံးတယ်။ လက်နက် ၁၈ လက် သိမ်းဆည်းရမိတယ်” ဟု အတည်ပြုပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု KNU ဒူးပလာယာခရိုင်တာဝန်ရှိသူများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းထားဝယ်အခြေစိုက် စကစ ၁၃ လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းသည် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့ ရှေ့တန်းစခန်းမှ ကရင်ပြည်နယ်တောင်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပြီးခဲ့သည့် စက်တင်ဘာလက သိမ်းပိုက်ခြင်းခံထားရသော ကျိတ်စခန်းကို ပြန်လည်သိမ်းယူရန် အင်အား ၄ဝ ကျော်ဖြင့် လာရောက်ရာတွင် KNLA နှင့် နဂါးနီစစ်ကြောင်းတို့ ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့အတူ ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့နံနက် ၁ နာရီကျော်တွင်လည်း ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက်ခြေလျင်တပ်ရင်း-ခလရ ၃၂ တပ်ရင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်စာရေးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သေးကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။